ပြင်ဦးလွင်မှာ လူထုနဲ့ ဒေါ်စု တွေ့ဆုံ

  • 9 ဇွန် 2013
Image caption ပြင်ဦးလွင်မှာ ကြားဖြတ် ရွေးကောက်ပွဲ နိုင်ရင် လာခဲ့မယ် ဆိုတဲ့ ကတိ အတိုင်း လာရောက် ခဲ့တာ ဖြစ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၉ ရက် နေ့က ပြင်ဦးလွင်မှာ ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD အနေနဲ့ ပြင်ဦးလွင်မှာ နိုင်ရင် လာခဲ့မယ် ဆိုတဲ့ ကတိအတိုင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့တာ ဖြစ်ပါ တယ်။

အဲဒီနေ့ မနက်လင်း ကတည်းက မန္တလေးမြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ အမရပူရ၊ စဉ့်ကိုင်၊ ကျောက်ဆည်၊ တံတားဦး၊ မြစ်သား စတဲ့ မြို့တွေက ပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ ပြင်ဦးလွင်-မန္တလေး လမ်းခွဲမှာ NLD ပါတီ အလံတွေ၊ ဝတ်စုံတွေ၊ ကြိုဆိုရေး ဆိုင်းဘုတ်တွေနဲ့ စောင့်ကြိုပြီး ပြင်ဦးလွင် အထိ လိုက်ပါခဲ့ကြ ပါတယ်။

ပြင်ဦးလွင်မှာ ဒေါ်အောင်ဆန်းစုကြည် လူထုနဲ့ တွေ့ဆုံဖို့ ပြင်ဆင် ထားတဲ့ မဟာ အံ့ထူးကံသာ ဘုရားကြီး ဘေးက မီးပုံပျံ ကွင်းမှာ လည်း ပြင်ဦးလွင် ပတ်ဝန်း ကျင်က ဒေသခံတွေ အပါ အဝင် ရှမ်းပြည်နယ် နောင်ချိုမြို့၊ သီပေါ၊ ကျောက်မဲ စတဲ့ မြို့တွေက ပြည်သူတွေ ကလည်း စောင့်ကြို နေကြပါတယ်။

ညနေ ၃ နာရီ ဝန်းကျင်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး ပြည်သူ တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဒီမိုကရေစီ စနစ်နဲ့ ပတ်သက်ပြီး ပြောကြား သလို၊ လွှတ်တော် ထဲမှာ NLD ရဲ့ လုပ်ဆောင် ချက်တွေ အထိုက် အလျောက် အောင်မြင်မှု ရှိတဲ့ အကြောင်း ကိုလည်း ပြောပါတယ်။

ဒါပေမယ့် NLD အနေနဲ့ လွှတ်တော် ထဲမှာ ထင်သလောက် မလုပ်နိုင် သေးဘူးလို့ လည်း ပြောသွား ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မှာလည်း အားနည်း ချက်တွေ အများအပြား ရှိတာကြောင့် ပြင်ဆင်ဖို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်ရမယ့် အကြောင်း၊ တရား ဥပဒေ စိုးမိုးရေးဟာ နိုင်ငံ အတွက် အရေးကြီးတဲ့ အကြောင်းတွေ ကိုလည်း ထည့်ပြောသွားပါတယ်။

ဒါ့အပြင် ပြင်ဦးလွင်ကို လာတဲ့ လမ်းတလျှောက်မှာ အပင်တွေ နည်းနေတာတွေ့ရလို့ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုတဲ့ အကြောင်း၊ နိုင်ငံ အဝန်း နေရာတိုင်းမှာ ပြည်သူ့ ဆန္ဒ မပြည့်ဝ သေးတာ ဟာလည်း လိုအပ်ချက်တွေ အများအပြား ရှိနေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဆက်ပြီး တော့ လူငယ်တွေ အလုပ် လက်မဲ့ ဖြစ်နေ တာတွေ၊ ဝင်ငွေတိုးဖို့ လိုအပ် နေတာတွေ၊ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေ နိမ့်ကျ နေတာတွေ ကိုလည်း သူက ထောက်ပြ ဝေဖန်သွားပါတယ်။ ဒီကိစ္စတွေ အတွက် ပြုပြင်တဲ့ အခါမှာ အစိုးရကိုပဲ အပြစ်ပုံချ နေလို့ မရဘဲ ပြည်သူ တယောက် ချင်းစီ တိုင်းကလည်း တာဝန် သိစိတ်နဲ့ ညီညီ ညွတ်ညွတ် ဝိုင်းဝန်း လုပ်ဆောင်ဖို့လိုတဲ့ အကြောင်း ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ၄၅ မိနစ်လောက် စကား ပြောပြီး လူထု ထဲက ကိုယ်စားလှယ် ငါးယောက်ကို သိလို တာတွေ မေးမြန်းခွင့် ပေးပြီး လူထုနဲ့ တွေ့ဆုံ ပွဲကို ရုပ်သိမ်းခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ