ထွန်တုံးတိုက်ပွဲ၀င်ခဲ့တဲ့ လယ်သိမ်းခံတောင်သူတွေ ဖမ်းဆီးခံရ

  • 10 ဇွန် 2013
Image caption ကျေးဇူးရှင် တောင်သူ လယ်သမားတွေကို ရဲက ဝင်ဖမ်း

ခုတလောမှာ သိမ်းဆည်းခံ လယ်မြေတွေကို ပြန်လည်ရရှိရေး ထွန်တုံး တိုက်ပွဲ၀င်ခဲ့တဲ့ အနယ်နယ်ရပ်ရပ်က လယ်သိမ်းခံတောင်သူတွေကို အစိုးရက ဖမ်းဆီးတာတွေ တရားစွဲတာတွေ လုပ်နေပါတယ်။

အဲဒီလို ဖမ်းဆီး တရားစွဲ လုပ်ခံနေရတာကတော့ မန္တလေးတိုင်း သာစည်မြို့နယ် ၊ ရှမ်းပြည်နယ် အင်းလေးဒေသနဲ့ ပဲခူးတိုင်း ပေါင်းတည်မြို့တွေက လယ်သိမ်းခံ တောင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရသစ် လက်ထက်မှာ ရှမ်းပြည်နယ်အစိုးရက ဟော်တယ်ဇုံလုပ်ဖို့ သိမ်းထားတဲ့ အင်းလေးကန် အရှေ့ဘက်ကမ်းစပ်မှာရှိတဲ့ ကံဘဲ့ နဲ့ အင်ကြင်းကုန်းရွာက တောင်သူ ၈၃ ဦးပိုင်တဲ့ ယာမြေဧက ၁၀၀ကျော် ပြန်ရရေးအတွက် မူလ ယာပိုင်ရှင်တွေ ကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွန်တုံး တိုက်ပွဲလုပ်ပြီး ၀င်ရောက် စိုက်ပျိုး လုပ်ခဲ့တဲ့ အတွက်ကြောင့် ဦးဆောင်သူ ၈ယောက်ကို မနေ့ညပိုင်းက ညောင်ရွှေရဲတပ်ဖွဲ့ကနေ ၀င်ရောက်ဖမ်းဆီးခဲ့ပါတယ်။

မနေ့ညက ဖမ်းဆီးခံရတဲ့ ယာပိုင်ရှင် ၄ယောက်ဟာ ဒေသခံ ရွာသားတွေ အကူအညီနဲ့ လွတ်မြောက်ခဲ့ပေမယ့် နောက်ထပ် အဖမ်းဆီးမခံရဖို့ တိမ်းရှောင် နေရတယ်လို့လည်း ဒေသခံ ရွာသားတွေ ဖမ်းဆီးခံခဲ့ရတဲ့ အခြေအနေကို ယာသိမ်းခံ လယ်သမား အရေး အကူညီပေးနေတဲ့ အောင်ပန်း အခြေစိုက် ပွင့်လင်းလူ့အဖွဲ့အစည်း၀င် ကိုဘိုဘိုဟန်က ပြောပါတယ်။

အလားတူပဲ သာစည်မြို့နယ်အတွင်း အစိုးရ စည်သွတ် စက်ရုံကနေ ၁၉၉၂ ခုနှစ်က သိမ်းထားတဲ့ လယ်မြေဧက ၃ထောင် ကျော် ပြန်ရရေး အတွက် ပြီးခဲ့တဲ့ မေလတုန်းက ထွန်တုံး တိုက်ပွဲ၀င်ခဲ့တဲ့ တောင်သူ ၁၈ ယောက်ကို သာစည် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး တရားစွဲထားသလို ထွန်တုံးတိုက်ပွဲ ဦးဆောင်ခဲ့တဲ့ ထနောင်းကန်ရွာက ဆရာမ မသန္တာကိုလည်း ဖမ်းဆီးထားပါတယ်။

မသန္တာ လွတ်မြောက်ရေး ကြိုးစားနေတဲ့ အိုင်အယ်လ်အိုနဲ့ ချိတ်ဆက် ကူညီနေသူများ ကွန်ယက်အဖွဲ့၀င် ကိုအေးသိမ်းက ခုလို ထွန်တုံး တိုက်ပွဲ၀င်သူတွေကို ဖမ်းဆီးတာဟာ တရားမျှတမှု မရှိတဲ့အတွက် ခံရသူတွေဘက်က အကူညီပေးနေတဲ့ အကြောင်း သိရပါတယ်။ ပဲခူးတိုင်း အနောက်ခြမ်း ပေါင်းတည်နဲ့ နတ္တလင်းမြို့နယ်မှာလည်း ၁၉၉၅ ခုနှစ် ကတည်းက ခမရ ၅၅ နဲ့ နတ်တလင်း ရဲစခန်းက သိမ်းထားတဲ့ လယ်မြေတွေ ပြန်ရရေး မူလ မြေပိုင်ရှင်တွေက ထွန်တုံး တိုက်ပွဲ ၀င်ခဲ့ကြပါတယ်။

ခုထွန်တုံး တိုက်ပွဲ၀င်ကြတဲ့ တောင်သူတွေဟာ သူတို့ရဲ့သိမ်းဆည်းခံ လယ်မြေတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဆီကနေ သီးစားခ တဧက စပါး ၂၁တင်းနုန်းနဲ့ ပြန်လည် ငှားရမ်း လုပ်နေရတာကို မခံနိုင်လို့ ခုလို ထွန်တုံး တိုက်ပွဲ၀င်ရတာလို့ ပေါင်းတည်မြို့နယ် လက်ပံပျဉ်းရွာက လယ်သိမ်းခံ တောင်သူ ဦးရင်ကြည်က ပြောပါတယ်။ ဒီကနေ့ သူတို့ ထွန်တုံး တိုက်ပွဲ၀င်တဲ့ အခါမှာ တောင်သူတွေဘက်က နွားရှဉ်း ၂၀ ကျော်နဲ့ ထွန်ယက်သလို ရဲတပ်ဖွဲ့ကလည်း လက်တွန်း လယ်ထွန်စက် ၃စီးနဲ့ ၀င်ရောက် ထွန်ယက်ခဲ့တယ်လို့ ဦးရင်ကြည်က ပြောပါတယ်။

ခုထွန်တုံး တိုက်ပွဲ၀င်သူတွေနဲ့ လာရောက် အားပေး ကူညီသူ မိတ္ထီလာ ပြည်သူ့အကျိုးဆောင် ကွန်ယက်က တာ၀န်ခံတွေကို မနက်ဖြန် မနက်မှာ နတ္တလင်း အုပ်ချုပ်ရေးမှူးရုံးကို လာရောက်ဖို့ ဆင့်ခေါ်ထားတယ်လို့လည်း သိရပါတယ်။