RCSS/SSA ရှမ်းကောင်စီ နဲ့ SNLD ရှမ်းပါတီ တွေ့ရေး

  • 10 ဇွန် 2013
1_bbc_yawdserk_
Image caption RCSS မှဒုဗိုလ်ချုပ်ကြီးရွက်ဆစ်

မနေ့က နေပြည်တော် မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံ ဆွေးနွေး ခဲ့တဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့ နဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့ အခု တစ်ရက် နှစ်ရက် အတွင်း ရန်ကုန်မြို့ မှာ တွေ့ဆုံဖို့ ရှိပါတယ်။

SNLD နဲ့ အရင်ဆုံး တွေ့ဆုံပြီးတဲ့ အခါ ရန်ကုန်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအဝင် တခြား ပါတီတွေ ကိုလည်း RCSS/SSA က တွေ့လိုတယ် လို့ SNLD ပါတီရဲ့ အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းညွန့်လွင် က ဘီဘီစီ ကို ပြောပါတယ်။ မတရားသင်း ကြေညာခံထားရတဲ့ လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့နဲ့ ပြည်တွင်းက နိုင်ငံရေး ပါတီတို့ ပထမဆုံး အကြိမ် တွေ့ဆုံတဲ့ အခါ SNLD အနေနဲ့ ပြည်တွင်း အပစ်အခတ် ရပ်ဆဲရေး၊ ငြိမ်းချမ်းရေး အဓွန့်ရှည်အောင် လုပ်ရေး၊ အခြေခံ ဥပဒေနဲ့ ပတ်သက်တဲ့ သဘောထားတွေ ဆွေးနွေးကြဖို့ ရှိကြောင်း ဦးစိုင်းညွန့်လွင် က ရှင်းပြပါတယ်။

နိုင်ငံတော် သမ္မတ ကို အကြံပြုထားသလို ကေအိုင်အို နဲ့ အပစ်အခတ် ရပ်ဆဲရေး လက်မှတ်ထိုး ပြီးရင် တပြည်လုံး အပစ်အခတ် ရပ်ဆဲရေး အနေနဲ့ နေပြည်တော် မှာ စုပေါင်း လက်မှတ်ထိုးရေး၊ သမ္မတ ဖက်ကလည်း မတရားသင်း ကြေညာ ထားတဲ့ စါရင်းကနေ အထက်ပါ အဖွဲ့တွေ ကို ပယ်ဖျက်ပေးရေး၊ ဒါမှသာ ပြည်တွင်းက နိုင်ငံရေး ပါတီတွေ အနေနဲ့ လည်း မတရားသင်းနဲ့ ဆက်သွယ်မှု ဆိုတဲ့ ပုဒ်မ ၁၇(၁) ကို ကြောက်စရာ မလိုတော့ ပဲ ဆွေးနွေးမှု တွေ ပြုနိုင်မယ့် အကြောင်း ဦးစိုင်းညွန့်လွင် က ပြောပါတယ်။

အခြေခံ ဥပဒေ နဲ့ ပတ်သက်လို့ အမျိုးသား ရင်ကြားစေ့ရေး ကို အလေးထားမယ် ဆိုရင် လွှတ်တော် ပြင်ပ က အဖွဲ့အစည်း ပေါင်းစုံ နဲ့ လွှတ်တော်တွင်း ပါတီ နဲ့ အဖွဲ့အစည်းတွေ ပါ၊ ပါဝင်သင့်ပုံ တွေ ထောက်ပြ ပြောဆိုသွားပါတယ်။