မလေးက မြန်မာတွေ အရေး ဝန်ကြီးအဖွဲ့ သွား

  • 11 ဇွန် 2013
Image caption KL နားမှာ မြန်မာ အလုပ်သမားတွေ တိုက်ခိုက် ခံနေရဆဲ

မလေးရှား နိုင်ငံ ကွာလာလမ်ပူ မြို့နဲ့ အနီးတဝိုက် မှာ မြန်မာ အလုပ်သမားတွေ အသတ်ခံ နေရမှု ဖြေရှင်းဖို့ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော် နဲ့ အဖွဲ့ အင်္ဂါနေ့ ညနေပိုင်းမှာ မလေးရှား နိုင်ငံကို ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

မလေးရှား က မြန်မာ အလုပ်သမား တွေကို အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးဖို့ သမ္မတ ဦးသိန်းစိန်က မှာ လိုက်တယ်လို့ အလုပ် သမား ဝန်ကြီး ဌာန ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ပြောပါတယ်။

အခု အဖွဲ့မှာ ဒုတိယ အလုပ် သမား ဝန်ကြီး ဒေါ်ဝင်းမော်ထွန်း ပါဝင်ပြီး ပြည်ပ အလုပ် အကိုင် အေဂျင်စီ အသင်းချုပ်က ၆ ဦးနဲ့ အလုပ် သမား အေဂျင်စီ တခုက ကိုယ်စားလှယ် တဦးတို့ ပါ လိုက်ပါ သွားကြမှာ ဖြစ်ပါတယ်။

မလေးရှား မြန်မာ အလုပ်သမား သတ်ခံရမှု တွေဟာ တစတစနဲ့ နှစ်နိုင်ငံ အစိုးရ အဆင့် ဖြေရှင်းရမယ့် အခြေအနေ ရောက်လာ နေပါတယ် ။

အလုပ်သမားတွေ အသတ်ခံရမှုနဲ့ ထိခိုက်ဒဏ်ရာ မှုတွေ အတွက် အခု အချိန်ထိ တရားခံတွေကို ဖမ်းဆီး ရမိခြင်း မရှိ သေးပါဘူး။ တိုက်ခိုက် ခံရတယ် ဆိုတဲ့ သတင်းတွေ နေ့စဉ် လိုလို အလုပ်သမားတွေ ကြားမှာ ပြန့်နှံ့နေလို့ စိုးရိမ် ပူပန်မှုတွေ ပိုပြီး ကြီးထွား လာနေတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းက စပြီး သံရုံးကို ရဲတပ်ဖွဲ့ အတည်ပြု ပြောကြားချက် အရ မြန်မာ အလုပ်သမား ၄ ဦး သေဆုံးပြီး ဆေးရုံတက် ကုသသူ ၈ဦး ရှိတယ်လို့ ဆိုပါတယ်။ မြန်မာ အလုပ်သမား တွေကို အကူအညီ ပေးနေသူ တွေ့ရဲ့ ပြောပြချက် ကတော့ သေဆုံးသူ ၆ဦး ရှိပြီး ဆေးရုံသွား မကုတဲ့သူတွေ ရှိတဲ့အတွက် ရဲက ပြောတဲ့ အရေအတွက် ထက် ပိုများတယ်လို့ ပြောပါတယ်။

မလေးရှားက မြန်မာ အလုပ်သမား တွေကို အကူအညီပေးဖို့ ကမ္ဘောဇ ဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ထူးဖေါင်ဒေးရှင်းနဲ့ မက်စ်မြန်မာက ဦးဇော်ဇော် တို့က ငွေကြေး ကူညီမယ်လို့ ဆိုပါတယ်။

တလအတွင်း ပြန်မယ့်သူ တွေကို လေယာဉ်ခ တဝက်နှုန်းဘဲ ယူမယ်လို့ အမ်အေအိုင် မြန်မာ့ လေကြောင်းကလဲ ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ