EU အထူး ကုန်သွယ် အခွင့်အရေး မြန်မာ ပြန်ရ

  • 12 ဇွန် 2013
myanmar eu
Image caption မြန်မာ သမ္မတကို အီးယူ ဖိတ်ကြားတဲ့ထိ ဆက်ဆံရေး တိုးတက်

မြန်မာ့ ပြုပြင် ပြောင်းလဲရေး တွေကို ထောက်ခံ ကူညီတဲ့ အနေနဲ့ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက် စေဖို့ ဥရောပ သမဂ္ဂက မြန်မာကို ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေး လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာကို ကုန်သွယ်ရေး အထူး အခွင့်အရေး (GSP) ပြန်ပေးတဲ့ ဥပဒေကို ဥရောပ သမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌ အိုင်ယာလန် နိုင်ငံက ဗုဒ္ဓဟူးနေ့က လက်မှတ်ထိုး ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံမှာ အဓမ္မ စေခိုင်းမှုတွေ စနစ်တကျ ကျူးလွန်နေတယ် ဆိုပြီး မြန်မာ့ ပို့ကုန်တွေ အပေါ် အကောက်ခွန် လျှော့ပေးတဲ့ ကုန်သွယ်ရေး အထူး အခွင့်အရေးကို ၁၉၉၇ နောက်ပိုင်း ကတည်းက လက်လွတ် ဆုံးရှုံး ခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာ အလုပ်သမား အဖွဲ့ က မနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ မြန်မာ့ အလုပ်သမား အရေးမှာ တိုးတက်မှု တွေ ရှိလာတယ်လို့ ထုတ်ပြန်ခဲ့ကြောင်း ဥရောပ သမဂ္ဂက ပြောပါတယ်။

GSP ပြန်ရတဲ့ အတွက် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေကို ပေးတဲ့ ဥရောပ သမဂ္ဂရဲ့ အခွန် လျှော့ပေါ့ပေးမှု၊ ပို့ကုန် ခွဲတမ်း စနစ် သက်သာခွင့် တွေ မြန်မာ နိုင်ငံက ခံစားရမှာ ဖြစ်ပါတယ်။

ဧပြီလ ကပဲ မြန်မာပြည်ပေါ် ထားရှိတဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှု နဲ့ တဦးချင်း ပစ်မှတ်ထား စီးပွားရေး ပိတ်ဆို့မှု တွေကို ရုပ်သိမ်းဖို့ ဥရောပ သမဂ္ဂက သဘောတူ ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ် အတွင်း မြန်မာ့ နိုင်ငံရေး ပွင့်လင်း လာမှုနဲ့ နိုင်ငံရေး အကျဉ်းသား တွေ လွတ်မြောက်လာမှု ကြောင့် အမေရိကန် နဲ့ ဥရောပ သမဂ္ဂ တို့က မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့မှု တွေကို တဖြည်းဖြည်း ပြန်ရုပ်သိမ်း ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ