မြန်မာ စစ်တပ် အရာရှိတချို့ ရဲတပ်ဖွဲ့ကို ပြောင်းတာဝန်ပေး

Image caption မြန်မာ ရဲတပ်ဖွဲ့ဝင်တွေ တာဝန် ထမ်းဆောင်နေ

မြန်မာစစ်တပ် ကြည်း ရေ လေ က ဗိုလ်ကြီးအဆင့်ကနေ ဗိုလ်မှူးအဆင့်ရှိသူ အယောက် ၄ဝ ကျော်ကို ရဲတပ်ဖွဲ့ကို ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။

တပ်မတော် ရေတပ်က ဗိုလ်မှူး ၁၁ ဦးကို ရေကြောင်းရဲတပ်ဖွဲ့မှာ ရဲမှူးအဆင့် ရာထူးနဲ့ ပြောင်ရွေ့ တာဝန်ပေးခန့် ထားလိုက်ပါတယ်။

ရေတပ်က ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးကိုလည်း ရေကြောင်းရဲတပ်ဖွဲ့မှာ ဒုတိယရဲမှူး အဆင့်ရာထူးကို ပေးအပ်ခဲ့ပါတယ်။

လေတပ်က ဗိုလ်မှူး ၁ ဦးကိုတော့ လေကြောင်းရဲတပ်ဖွဲ့ကို ရဲမှူးတာဝန်နဲ့ ပြောင်းရွေ့ခန့် လိုက်ပါတယ်။

ကြည်းတပ်က ဗိုလ်မှူး ၁၄ ဦးကိုတော့ ရဲမှူးတွေအဖြစ် ပြောင်းရွေ့ တာဝန်ပေးလိုက်သလို ကြည်းတပ်ကနောက် ဗိုလ်မှူး ၃ ဦးကို တော့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက် ညွှန်ကြားရေးမှူးတွေ အဖြစ် တာဝန် ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစပြီး ရဲတပ်ဖွဲ့မှာ လေကြောင်းနဲ့ ရေကြောင်း ရဲတပ်ဖွဲ့တွေ တိုးချဲ့ ဖွဲ့စည်းလိုက်တာကြောင့် အဲဒီ အသစ်ဖွဲ့စည်းတဲ့ ရဲတပ်ဖွဲ့တွေမှာ ကျွမ်းကျင်သူမရှိလို့ အခုလို စစ်တပ်က ကျွမ်းကျင်သူ တွေကို ရဲတပ်ဖွဲ့ကို ပြောင်းလဲ တာဝန်ပေးရတာဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ရဲအရာရှိကြီး တစ်ဦးက ဘီဘီစီကို အတည်ပြုပြောပါတယ်။

ရေကြောင်းရဲတပ်ဖွဲ့က ရဲရေယာဉ်အတွက် ကုန်းပတ် ကိုင်တွယ်သူက အစ ရေယာဉ်မောင်းသူ စက်ပြင်သူ အဆုံး လုပ်နိုင်တဲ့ ကျွမ်းကျင်သူမရှိဘူး၊ လေကြောင်းရဲမှာလည်း အလားတူပဲလို့ အဲဒီရဲမှူးကြီးကပြောပါတယ်။

လောလောဆယ် အနေအထားအရ လေကြောင်း ရဲတပ်အဖွဲ့အနေနဲ့ လေဆိပ် လုံခြုံရေးတွေကို စတင်တာဝန်ယူ လုပ်ဆောင်မှာဖြစ်ပြီး နောက်ပိုင်းမှာ လုံခြုံရေး ရဲလေယာဉ်တွေ ကိုင်တွယ် ဆောင်ရွက်သွားမယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ