ပထမအကြိမ် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ နှီးနှောဖလှယ်ပွဲ

Image caption DKBA အဖွဲ့က ဗိုလ်ချုပ်စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး

ပထမဆုံးအကြိမ် ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ကို ဒီကေဘီအေ ဗိုလ်ချုပ်စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေးက ကြီးမှူးပြီး သူ့ရဲ့ ကလို့ထူးဘော ဌာနချုပ်မှာ မနေ့က စနေ့နေ့ကစပြီး ၃ ရက်တာ ကျင်းပနေပါတယ်။

ပြည်ထောင်စု တိုင်းရင်းသား ပေါင်းစုံ သဘောထားအမြင် နှီးနှောဖလှယ်ပွဲ ဆိုပြီးတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပါအဝင် တခြား နိုင်ငံရေး လှုပ်ရှားတဲ့ အဖွဲ့တွေကိုပါ ဒီကေဘီအေ ဗိုလ်ချုပ် စောလာပွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွှေး က ဖိတ်ခေါ်ပြီးတော့ သူ့ရဲ့ ကလို့ထူးဘော ဌာနချုပ် တည်ရှိရာ ဆုံဆည်းမြိုင်ရွာမှာ ကျင်းပနေတာ ဖြစ်ပါတယ်လို့ နှီးနှောဖလှယ်ပွဲ စတင်တဲ့နေ့ အခြေအနေကို ဒီကေဘီအေ ဒုဗိုလ်မှူးကြီး စောဆန်းအောင် ရှင်းပြခဲ့ပါတယ်။

အစည်းဝေးခန်းမမှာ လူပေါင်း ၃ဝဝ လောက်ရှိပြီး ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ ၊ အန်အယ်ဒီ အဖွဲ့ ၊ အကျဉ်းသားဟောင်းအဖွဲ့ ၊ လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့ ၁၁ ဖွဲ့လောက် တွေ့ရတယ်လို့ သူက ဆိုပါတယ်။

ဗိုလ်ချုပ်ထိန်မောင် ကိုယ်တိုင်ပါပြီး ဝ အဖွဲ့လည်း ပါသလို ပအို့ဝ်အဖွဲ့လည်းပါတဲ့ အပြင် ရခိုင်လည်းပါတယ်လို့ သူက ပြောပါတယ်။

ဘီဂျီအက်ဖ် က ဗိုလ်မှူး ချစ်သူ ကိုယ်စားလှယ်လည်း ပါဝင်သလို ကေအင်ယူ ဆက်ဆံရေးရုံးက လူကိုလည်း တွေ့ရပေမယ့် တာဝန်ပေးပြီး စေလွှတ်တဲ့သူတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။

ဒီနှီးနှောဖလှယ်ပွဲမှာ လက်ရှိ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ လုပ်ထားတဲ့ အပစ်အခတ် ရပ်စဲရေးဟာ အကျိုးရှိ၊မရှိ၊ အစိုးရနဲ့ ပူးပေါင်းရွက်ခြင်း၊ အစိုးရနဲ့ နိုင်ငံတကာဆက်ဆံရေး၊ အစိုးရနဲ့ အတိုက်အခံပါတီတွေ ဆက်ဆံ ရေး၊ အစိုးရရဲ့ ဒီမိုကရေစီ ဖေါ်ဆောင်မှု၊ တိုင်းရင်းသားဒေသတွေမှာ စစ်အင်အားတိုးချထားမှု၊ စစ်ရေး လှုပ်ရှားမှု တွေနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး အပေါ် အစိုးရရဲ့ သဘောထား အမြင် စတာတွေကို ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အချက်အလက်တွေ အပေါ် ဆွေးနွေးသုံးသပ်၊ ဆုံးဖြတ်ချက်တွေအရ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကိုလည်း ဒီနှီးနှောပွဲက ကိုယ်စားလှယ်တွေက အစိုးရကို တင်ပြသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ