လားရှိုးမှာ အမျိုးသမီးကို မီးရှို့သူ ထောင် ၂၆ နှစ် ချခံရ

  • 12 ဇွန် 2013
Lashio attack May 28 2013
Image caption လားရှိုးမှာ မေလ ၂၈ ရက်က အမျိုးသမီး တစ်ယောက် မီးရှို့ ခံခဲ့ရ ပြီးနောက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့

ပြီးခဲ့တဲ့ မေလ ကုန်ပိုင်းက လားရှိုး မြို့မှာ အမျိုး သမီး တစ်ယောက်ကို မီးရှို့ခဲ့တဲ့ ကိုနေဝင်း ဆိုသူကို လားရှိုး မြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက် ပါတယ်။

စုစုပေါင်း အမှု လေးမှု အတွက် သီးခြားစီ ပြစ်ဒဏ်တွေ ချမှတ် ခံခဲ့ ရတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ချမှတ် ခဲ့တဲ့ အမှုတွေထဲမှာ ပုဒ်မ ၃၀၇ လူသတ်မှု ကျူးလွန်ရန် အားထုတ်မှု အတွက် ထောင်ဒဏ် ၇ နှစ်၊ အပြင်းအထန် နာကျင် စေမှု ပုဒ်မ ၃၂၆ နဲ့ ထောင်ဒဏ် ၇ နှစ်တို့ အပြင် မူးယစ် ဆေးဝါးမှု ပုဒ်မ ၁၅ နဲ့ ထောင်ဒဏ် ၅ နှစ်၊ မူးယစ် ဆေးဝါး လက်ဝယ် ပိုင်ဆိုင်မှု ပုဒ်မ ၁၆ (ဂ) နဲ့ ထောင်ဒဏ် ၇ နှစ် အသီးသီး ပြစ်ဒဏ် ချမှတ် ခံခဲ့ရတာလို့ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဒုတိယ ရဲမှူးကြီး ဦးမင်းအောင်က ပြောပါတယ်။

လူသတ်မှု ကျူးလွန်ဖို့ အားထုတ်မှုနဲ့ အပြင်း အထန် နာကျင်စေမှုတို့ အတွက် အမြင့်ဆုံး ပြစ်ဒဏ်က ထောင်တစ်သက် ချနိုင် ပေမဲ့ အခု ၇ နှစ် စီပဲ ချမှတ်တာ ဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ကိုနေဝင်းရဲ့ အမှုနဲ့ ပတ်သက်လို့ သူ့ ဘက်က ရှေ့နေ လိုက်ပါ ဆောင်ရွက်ခြင်း မရှိဘူးလို့ သိရပါတယ်။

မြန်မာ နိုင်ငံ က မြို့တချို့မှာ ဆူပူ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ တရားရုံး တွေက စီရင်ချက် ချမှတ် ရာမှာ မွတ်ဆလင် တွေကို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ် နေတယ် ဆိုတဲ့ ဝေဖန်မှု တွေနဲ့ ပတ်သက်လို့ ဒုတိယ ရဲမှူးကြီး ဦးမင်းအောင် ကတုံ့ပြန် ရာမှာ ခွဲခြား ပြစ်ဒဏ် ချတာ မဟုတ်ဘဲ ပြစ်မှု ကျူးလွန်မှု အရ အပြစ်ရှိသလို ချမှတ် သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဘာသာရေး အဓိကရုဏ်း တွေကြောင့် ဖမ်းဆီး ခံထားရသူ တွေထဲမှာ ဗုဒ္ဓ ဘာသာတွေ ပိုများပြီး သူတို့ကို ထိထိ ရောက်ရောက် စစ်ဆေးမှုတွေ လုပ်နေတယ် လို့လည်း သူက ပြောပါတယ်။

လားရှိုးမှာ ဆူပူ တိုက်ခိုက်မှု တွေနဲ့ ပတ်သက်ပြီး နောက်ထပ် ဖမ်းဆီး ထားသူ လူ ၆၀ ထဲက ၂၉ ယောက်ကို ဗုဒ္ဓဟူးနေ့ကပဲ လားရှိုး တရားရုံးက ခံဝန် ကတိနဲ့ ပြန်လွှတ် ပေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ