မြန်မာနိုင်ငံအခြေအနေ စိတ်မချရသေးပေမယ့် ဦးတည်ချက်မှန်

  • 13 ဇွန် 2013
အီးယူ ဥက္ကဌနဲ့သမ္မတ ဦးသိန်းစိန်
Image caption အီးယူ ဥက္ကဌနဲ့သမ္မတ ဦးသိန်းစိန်

EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ဂျီအက်စ်ပီ ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးဖို့ ဗုဒ္ဓဟူးနေ့က ဘရပ်ဆဲမှာ လက်မှတ် ထိုးခဲ့ပါတယ်။ မနှစ်ကကျင်းပတဲ့ အိုင်အယ်အို ကမ္ဘာ့ အလုပ်သမား ညီလာခံကမြန်မာနိုင်ငံမှာ အဓမ္မ အလုပ်ခိုင်းစေမှု အပါအဝင် အလုပ်သမား အခွင့်အရေးကိစ္စတွေကို ပိုကောင်းအောင် လုပ်နိုင်လာတယ်လို့ ပြောတဲ့အတွက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ထောက်ခံတဲ့အနေနဲ့ အခုလို့ အီးယူက ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။

တဖက်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အလုပ်သမား သမဂ္ဂတွေအပေါ် ဖိနှိပ်တာ ကလေးအလုပ်သမား အပါအဝင်အဓမ္မ အလုပ်ခိုင်းတာတွေ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ လုံးဝ ပပျောက်မှုမရှိသေးပါဘူး။ ဒီလို အခြေအနေမျိုးမှာ အခုလိုအီးယူက လိုက်လျောလက်ခံလိုက်တဲ့အပေါ်မှာ အချိန်စောသေးတယ် ဆိုတဲ့ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာကို ဂျီအက်စ်ပီ ကုန်သွယ်ရေး အထူး အခွင့်အရေး ပြန်ပေးရေး ဥရောပ ပါလီမန်ကို အစီအရင်ခံစာ ရေးသား တင်ပြသူတယောက်ဖြစ်တဲ့ စကော့တလန်မှ ဥရောပ ပါလီမန်အမတ် ဒေးဗစ်မာတင်က မြန်မာနိုင်ငံမှာ အခြေအနေ အားလုံးကောင်းပြီလို့ ယူဆလို့မရဘဲ စိုးရိမ်စရာတွေ ရှိနေဆဲဖြစ်ကြောင်း ဒါပေမယ့် မြန်မာနိုင်ငံဟာ မှန်ကန်တဲ့ဘက်ကို ဦးတည်နေပြီလို့ ယူဆတဲ့အတွက် ထိတွေ့ ဆက်ဆံပြီး အီးယူဘက်က ပူးပေါင်း ဆောင်ရွက်ဖို့ အခုလိုဆုံးဖြတ်တာလို့ ဘီဘီစီကို ပြောပါတယ်။ အခု ဂျီအက်စ်ပီအစီအစဉ်အရ ဥရောပ၂၇နိုင်ငံကို ကုန်ပစ္စည်း တင်သွင်းရာမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် အခွန်သက်သာတဲ့ အထူးအခွင့်အရေး ခံစားခွင့်ပြုတာဖြစ်ပါတယ်။

မြန်မာနိုင်ငံ ကုန်သည်နဲ့စက်မှုလက်မှု အသင်း တွဲဘက် အတွင်းရေးမှူး ဦးမြင့်စိုးကတော့ အခုလို ဂျီအက်စ်ပီ ပြန်ပေးရင် ဥရောပ စျေးကွက်ကို အဓိကစျေးကွက် အနေနဲ့ မြန်မာ ကုန်သည်တွေပြန် ဝင်နိုင်မှာ ဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပိုကောင်းလာနိုင်မယ်လို့ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ