မလေးက အလုပ် သမားတွေ ပြန်လာ နိုင်ရေး ဆွေးနွေး

  • 13 ဇွန် 2013
Malaysia Police
Image caption မြန်မာ အသိုင်းအဝိုင်း ကြားမှာ အကြမ်း ဖက်မှုတွေ ထပ်မဖြစ် စေဖို့ မလေးရှား ရဲက သတိပေး

မလေးရှား နိုင်ငံမှာ မြန်မာ အလုပ်သမား လေးယောက် ထက် မနည်း အကြမ်းဖက် သတ်ဖြတ် ခံခဲ့ရ ပြီးတဲ့နောက် မြန်မာ နိုင်ငံသား တွေရဲ့ အရေးကို ကူညီ ဆောင်ရွက် ပေးဖို့ မလေးရှား နိုင်ငံကို ရောက်နေတဲ့ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးဇင်ယော်က မလေးရှား ဒေသ ဆိုင်ရာ ရဲတွေနဲ့ လူဝင်မှု ကြီးကြပ်ရေး ဌာန အနေနဲ့ လုပ်ငန်းပိုင်း ဆိုင်ရာ လိုအပ်တာ တွေကို ဆောင်ရွက် ပေးနေကြောင်း ပြောပါတယ်။

မလေးရှား ဒုတိယ ပြည်ထဲရေး ဝန်ကြီး ဝမ် ဂျူနိုင်ဒီ ဂျဖား Wan Junaidi Jaafar က လည်း စိုးရိမ် နေကြတဲ့ မြန်မာ နိုင်ငံ သားတွေ နိုင်ငံ ပြန်နိုင်ရေး ပူးပေါင်း ဆောင်ရွက်မယ်လို့ ပြော ပါတယ်။

မြန်မာ နိုင်ငံက ဒုတိယ ဝန်ကြီး နှစ်ယောက်ပါတဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မလေးရှား ပြည်ထဲရေး ဌာနတို့ ကြာသပတေး နေ့က တွေ့ဆုံ ဆွေးနွေး အပြီး အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ အစိုးရ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ရာမှာ မြန်မာ အလုပ်သမားတွေ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ကိစ္စ အပြင် အထောက် အထား မရှိလို့ အဖမ်းခံ ထားကြရသူတွေ အရေး ကိုလည်း ဆွေးနွေး ခဲ့ကြ ပါတယ်။

မြန်မာ အလုပ်သမား တွေကြားမှာ အုပ်စုချင်း တိုက်ခိုက်မှုတွေ မလုပ်ကြဖို့ မလေးရှား အစိုးရက သတိ ပေးခဲ့ ပါတယ်။

မလေးရှား နိုင်ငံမှာ လောလောဆယ် ထိန်းသိမ်း ခံထား ရတဲ့ မြန်မာ နိုင်ငံသား ၃၀၇ ယောက် ရှိတယ်လို့ ဦးဇင်ယော်က မြန်မာ့ ရုပ်မြင် သံကြား မေးမြန်းခန်းမှာ ပြောခဲ့ ပါတယ်။

မြန်မာ သံရုံးနဲ့ စေတနာ့ ဝန်ထမ်း မြန်မာ အဖွဲ့တို့ရဲ့ အစီအစဉ်နဲ့ ပြန်ချင်သူ လူ ၂၀ ကျော်ကို လာမယ့် တနင်္လာ နေ့မှာ ပြန်ပို့ ပေးမယ်လို့ စေတနာ့ ဝန်ထမ်း အဖွဲ့တွေက ပြောပါတယ်။

လောလောဆယ် မြန်မာ နိုင်ငံကို ပြန်ဖို့ စေတနာ့ ဝန်ထမ်း အဖွဲ့ကို လာရောက် စာရင်းပေးထားသူ ၂၄ ယောက် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ