ပခုက္ကူမှာ တည်ငြိမ်မှု ပျက်အောင် လုပ်မှု ရှိခဲ့

  • 13 ဇွန် 2013
No 17 Primary School in Pakokku, Burma
Image caption ပခုက္ကူ မြို့က အမှတ် ၁၇ မူလတန်း ကျောင်း ရှေ့မှာ ကျောင်းသား တွေကို လာခေါ်တဲ့ မိဘများ

ပခုက္ကူ မြို့မှာ တည်ငြိမ်မှု ပျက်ပြားအောင် ဆူပူ လှုံဆော်မှု ပြုလုပ်တဲ့ ဖြစ်ရပ် တစ်ခု ဖြစ်ပွားခဲ့ တဲ့ အတွက် မြို့သူ မြို့သားတွေ အထိတ် တလန့် ဖြစ်သွားခဲ့ ပါတယ်။

ကြာသပတေးနေ့ နေ့လည် ၁၂နာရီခွဲ လောက်က အမှတ် ၃ ရပ်ကွက်မှာ ရှိတဲ့ မူလတန်းကျောင် အမှတ် ၁၇ မှာ တခုခု ဖြစ်နေတယ် ဆိုပြီး မော်တော် ဆိုင်ကယ်နဲ့ လူ လေးယောက်က အော်ဟစ် သွားခဲ့တာ ကြောင့် ကျောင်းသား မိဘ တွေက သူတို့ ကလေး တွေကို သက်ဆိုင်ရာ ကျောင်းတွေ ကနေ စိုးရိမ် တကြီး သွားခေါ် ခဲ့ကြ ပါတယ်။

ဒါကြောင့် အဲဒီ မူလတန်းကျောင်းရှေ့မှာ ရုတ်ရုတ် သဲသဲ ဖြစ်သွား ခဲ့တယ်လို့ အမှတ် ၁၇ မူလတန်းကျောင်း ရှေ့ကို ရောက်ခဲ့သူ ကိုဝင်းမင်းဦးက ပြောပါတယ်။

တချိန်တည်းမှာ ကောလဟာလ ဖြစ်တဲ့ကျောင်း ဆီကို မီးသတ်ကား တစ်စီး ဦးတည်မောင်းသွား တာကြောင့် ကျောင်းသား မိဘတွေရဲ့ စိုးရိမ် စိတ် ပိုကဲလာပြီး မြို့ပေါ်က ကျောင်းတွေ ဆီကို မိဘ အတော် များများ အပြေး အလွှား စုပြုံ ရောက်လာကြ ပါတယ်။

မဟုတ်မမှန် သတင်းတွေကို အော်ဟစ်ပြီး ထွက်ပြေး သွားကြသူ တွေကို ရဲတွေက လိုက်လံ ရှာဖွေ နေပေမဲ့ အခုချိန်ထိ မတွေ့သေးဘူးလို့ ပခုက္ကူ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောပါတယ်။

အလားတူ မမှန် သတင်းတွေ ဖန်တီးမှု ရှိလာရင် ပခုက္ကူ မြို့မှာ ဖွဲ့ထားတဲ့ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မီတီ၊ အုပ်ချုပ်ရေး အဖွဲ့နဲ့ နယ်မြေခံ လုံခြုံရေး တို့က ပူးပေါင်း ပြီး ရှင်းလင်း ဆောင်ရွက်ဖို့ စီစဉ် ထားတယ်လို့ လည်းသူက ပြောပါတယ်။

လောလောဆယ် စာသင်ကျောင်းတွေမှာ လုံခြုံရေးတွေ ချထားခြင်း မရှိပေမဲ့ လှည့်ကင်း တွေကိုတော့ ပိုလုပ် သွားမယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ဒီအဖြစ်အပျက်ကြောင့် ပခုက္ကူ မြို့မ ဈေးထဲက အစ္စလာမ် ဘာသာဝင် တွေရဲ့ ဆိုင်တွေရော တခြား စျေးဆိုင် တချို့ပါ ပိတ်တဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ