မြန်မာနိုင်ငံမှာ ထိုင်းတွေ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်း

  • 14 ဇွန် 2013
Image caption ထိုင်းမြန်မာနယ်စပ် မြို့တွေကို ထိုင်းသံအမတ် ကြီး သွားရောက် လေ့လာ ကြည့်ရှု

မြန်မာနိုင်ငံမှာ များများ ရင်းနှီးမြှုပ်နှံဖို့ ထိုင်းလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်း သံအမတ်ကြီး မစ္စတာ ဖိစနု ဆူဝါနချုတ်နဲ့ အဖွဲ့ဟာ AEC Asean Economic Community ကျင့်သုံးမယ့် ၂၀၁၅ ခုနှစ် မတိုင်ခင်မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနယ်စပ် ကုန်သွယ်ရေး မြို့တွေ ဖြစ်တဲ့ မယ်ဆိုင်၊ မဲဆောက်၊ ကန်ချနာ့ ဘူရီ၊ ပရကျူဝပ် ကီရီခန်နဲ့ ရနောင်း ဒေသတွေမှာ ကြိုတင် ပြင်ဆင် ထားတာတွေကို သွားရောက် လေ့လာ ကြည့်ရှုရင်း ထိုင်းလုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံကို သွားပြီး ရင်းနှီး မြှုပ်နှံဖို့ အခုလို တိုက်တွန်းသွားတာပါ။

လက်ရှိ မြန်မာနိုင်ငံက အပြောင်းအလဲမှာ ထိုင်း လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံကို သွားပြီး ရင်းနှီး မြှုပ်နှံဖို့ ကောင်းတဲ့ အကြောင်းနဲ့ မြန်မာအစိုးရဟာ သူတို့ရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကိစ္စတွေကို ယုံကြည်မှု အပြည့်အဝနဲ့ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရှေ့ဆက်ပြီးတော့လည်း တနိုင်ငံလုံးမှာ ဖွံ့ဖြိုးရေး ကိစ္စတွေကို ဆက်လက် ဆောင်ရွက် တော့မှာမို့ ဒီအချိန်မျိုးမှာ ကုန်ထုတ်လုပ်မှုနဲ့ တခြား စီး ပွားရေး လုပ်ငန်းတွေမှာ အတွေ့အကြုံ ရှိပြီးသား ထိုင်းလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံကို သွားပြီး ရင်းနှီးမြှုပ်နှံရင် ဟန်ချက်ညီ တိုးတက်အောင် ဆောင်ရွက်ရာ ရောက်သလို ထိုင်းနိုင်ငံ အတွက်လည်း အကျိုးရှိလာမှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောသွားပါတယ်။

လက်ရှိ ထိုင်းကုမ္ပဏီကြီး တချို့က ဓါတ်ငွေ့ တူးဖေါ်ရေးနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ရင်းနှီး မြှုပ်နှံကြပြီးတော့ CP ဆိုတဲ့ကုမ္ပဏီက ဥစားကြက်၊ အသားစားကြက်နဲ့ ဝက်မွေးမြူရေး လုပ်ငန်းတွေနဲ့ ဘိလပ်မြေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အနည်းငယ် လောက်ပဲ ရင်းနှီး မြှုပ်နှံတာကို တွေ့ရပါတယ်။