ကုလ ကယ်ဆယ်ရေးကားတွေ ကချင်ပြည်နယ် သွားခွင့်ရ

  • 14 ဇွန် 2013
Kachin Refugees
Image caption ကချင် ဒုက္ခသည်တွေ ထဲမှာ ကလေးငယ် တွေလည်း အများ အပြား ပါဝင်

ကချင်ပြည်နယ် အတွင်းအစိုးရ ထိန်းချုပ် နယ်မြေထဲကို ကုလ သမဂ္ဂရဲ့ ကူညီ ကယ်ဆယ်ရေး ကားတွေ တစ်နှစ် အတွင်း ပထမဆုံး အကြိမ် သွားခွင့် ရခဲ့ပါတယ်။

မကြာသေးခင်က အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ကြား သဘော တူညီချက်တွေ ရခဲ့တဲ့ ဆွေးနွေးမှု အပြီး အခုလို ခွင့်ပြုခဲ့တာ ဖြစ် ပါတယ်။

စစ်ပြေး စစ်ရှောင် ဒုက္ခသည်တွေ အတွက် အကူအညီ ပစ္စည်းတွေ တင်လာတဲ့ ကုန်တင်ကားကြီး ၁၀ စီးဟာ ဗန်းမော် မြို့ကနေ မိုင်ဂျာယန် မြို့ကို ထွက်ခွာ သွား ခဲ့တာလို့ မြန်မာ နိုင်ငံမှာ ရှိတဲ့ ကုလ သမဂ္ဂ လူသားချင်း စာနာမှု ညှိနှိုင်းရေး ရုံးက ထုတ်ပြန် ပြောဆိုပါတယ်။

ဒါဟာ အပြု သဘော ဆောင်တဲ့ တိုးတက်မှု ဖြစ်တယ်လို့လည်း ကုလ သမဂ္ဂက ပြောပါတယ်။

သောကြာနေ့ ကတော့ မိုင်ဂျာယန်က ဒုက္ခသည် ၃၃၂၀ ရှိတဲ့ ပါတထောင် ဒုက္ခသည် စခန်းကို သွားရောက်ပြီး ကုလ သမဂ္ဂ ဝန်ထမ်းတွေ ကိုယ်တိုင် ပစ္စည်းတွေ ဝေငှ ပေးခဲ့ပါတယ်။

ဒုက္ခသည်တွေ အတွက် လိုအပ်နေတဲ့ ဆန်၊ ပဲ၊ ဆေးဝါး၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနဲ့ ပတ်ဝန်းကျင် သန့်ရှင်းမှု အတွက် သုံးတဲ့ ပစ္စည်းတွေကို ပေးခဲ့တယ်လို့ စခန်း ကော်မီတီ အတွင်းရေးမှူး ဦးရှောင်လာက ပြောပါတယ်။

အဲဒီ စခန်းက ဒုက္ခသည်တွေ အတွက် လိုအပ်တဲ့ စားနပ် ရိက္ခာ တွေကို အခုနှစ် ၂၀၁၃ ခုနှစ် ဇွန်လ အထိ ကူညီ ပေးမယ်လို့ ကတိပြုထားတဲ့ ကူညီရေး အဖွဲ့တွေ ရှိပေမဲ့ ဇူလိုင်လ နောက်ပိုင်းမှာ တာဝန်ယူ လှူဒါန်းမယ်လို့ ပြောသူ မရှိသေးတဲ့ အတွက် စိုးရိမ် မိကြောင်း လည်း ဦးရှောင်လာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ