မျိုးစောင့် ဥပဒေပြဌာန်းနိုင်ဖို့ သံဃာတွေ ကြိုးစား

  • 14 ဇွန် 2013
Monks meeting
Image caption မျိုးစောင့် ဥပဒေပြဌာန်းဖို့ ဆော်သြနေတဲ့ ဆရာတော် ဦးဝီရသူ

ရန်ကုန် မှော်ဘီမြို့ ဓမ္မဒူတ ဆေကိန္ဒာရာမ သာသနာ့ ရိပ်သာမှာ သံဃာတော် အပါး ၂၀၀ ကျော် နှစ်ရက်ကြာ စုဝေးကြပြီး မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဗုဒ္ဓနည်းကျ ဖြေရှင်းရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ဒီ ဆွေးနွေးပွဲကို သံဃာ့မဟာနာယက ဆရာတော်ကြီးတွေလည်း ကြွရောက်ပြီး သြဝါဒ ပေးခဲ့ကြပါတယ်။

ဇွန်လ ၁၄ ရက် ဆွေးနွေးပွဲ အပြီး ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ နိုင်ငံသား အားလုံး ငြိမ်ချမ်းစွာ နေထိုင်နိုင်ရေး၊ ဘာသာမတူသူတွေ အကြား အပြန်အလှန်နားလည်မှု ရှိရေး လုပ်ဆောင်သွားဖို့ အစီအစဉ်တွေ ပါဝင်သလို အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အသင်းတွေ ဖွဲ့သွားဖို့ အစီအစဉ်တွေကိုလည်း ဖော်ပြခဲ့ပါတယ်။

နောက်တခါ ၉၆၉ ဂဏန်းဟာ ရတနာသုံးပါးကို ကိုယ်စားပြုတဲ့ ငြိမ်းချမ်းရေး သင်္ကေတဖြစ်လို့ သာသနာညှိုးနွမ်းစေမယ့် နေရာဌာနတွေမှာ အသုံးမပြုဖို့ ဆိုတဲ့ အချက်လဲ ပါဝင်တာကို တွေ့ရ ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ သံဃာတွေထဲမှာ တချို့ကတော့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုမှုက ကာကွယ်ဖို့ မျိုးစောင့်ဥပဒေဆိုတာ ပြဌာနန်းနိုင်ဖို့ ဥပဒေကြမ်းတွေရေးဆွဲ တင်ပြခဲ့တာလည်း ရှိခဲ့ပါတယ်။

ဒီလို ဥပဒေပြဌာန်းဖို့ ဦးဆောင်ဆော်သြနေသူ သံဃာတပါးဖြစ်တဲ့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူက ဥပဒေကြမ်းနှစ်ခု ရှိပြီး လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေဆိုပြီး ဥပဒေကြမ်းနှစ်ခု ရေးဆွဲပြီး သံဃာတွေအကြား ချပြခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ငွေနဲ့စည်းရုံးလို့ ဖြစ်စေ၊ ခြိမ်းခြောက် အကြပ်ကိုင်လို့ ဖြစ်စေ ဗုဒ္ဓဘာသာ အမျိုးသမီးတွေကို ဘာသာခြားတွေက သူတို့ ဘာသာထဲ အတင်းဆွဲသွင်းနေတာ အခြေအနေတွေက ပိုဆိုးလာနေတဲ့ အတွက် ကာကွယ်ရအောင် ဒီလို ဥပဒေတွေ ပြဌာန်းဖို့လိုပြီလို့ ဦးဝီရသူက ဆိုပါတယ်။ ဥပဒေပြဌာန်းဖြစ်အောင်လဲ သံဃာတွေက စည်းရုံးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဒီလို ဥပဒေမျိုး ပြဌာန်းဖို့ ကြိုးပမ်းချက်တွေဟာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အခွင့်အရေးတွေကို ထိပါးစေတယ်၊ အမျိုးသားရေး အစွန်းရောက်မှုတွေကို ဖြစ်စေတယ်လို့ ဝေဖန်သူတွေလည်း ရှိနေပါတယ်။