သင်္ဃန်းကျွန်း စစ်တပ်ပိုင် မြေသိမ်းမှု အစိုးရ ရှင်း

Army land seizures
Image caption တပ်ကသိမ်းတဲ့ မြေတွေမှာ ဝင်လုပ်သူတွေကို ပြန်ဖယ်ခိုင်းရင်း ပြဿနာတက်တာ တွေ အများကြီးရှိ။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်း မြို့နယ်မှာ စစ်တပ်ပိုင်မြေ အဖြစ် သိမ်းဆည်းထားတဲ့ မိချောင်းကန် အပိုင်း ၁ နဲ့ ၂ ရပ်ကွက် တွေမှာ မြေငှား နေထိုင်ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင် နေကြသူတွေကို ကြာသပတေးနေ့က အင်အားသုံးပြီး ဖယ်ရှားခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဇွန်လ ၁၄ ရက်နေ့မှာ သတင်းသမား တွေကို ဖိတ်ကြား ရှင်းလင်းခဲ့ပါတယ်။

ဇွန်လ ၁၃ ရက် မနက်စောစော မိုးထဲရေထဲမှာ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁ ရပ်ကွက်က အိမ်ခြေ ၁၂၁ အိမ်၊ အပိုင်း ၂ ရပ်ကွက်က ၅၈ အိမ်၊ နွားခြံ ၈ ခြံနဲ့ ဆိတ်တဲ ၂ တဲကို တပ်မြို့စည်ပင်အဖွဲ့နဲ့ ရဲတပ်ဖွဲ့ အပါအ၀င် အင်အား ရာပေါင်းများစွာက ၀င်ပြီး ဖျက်ဆီးခဲ့တာဟာ ဥပဒေအရ ဆောင်ရွက်တာသာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ကိုယ်တိုင် ခေါင်းဆောင်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အဲဒီမြေတွေကို နှစ် ၆၀ ဂရံ ရှိထားသူတွေ အပါအ၀င် မူလပိုင်ရှင်တွေ ဆီကနေ ၁၉၈၈ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေအပြီးမှာ စစ်တပ်က သိမ်းယူခဲ့ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူတွေကို ပြန်လည် ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။ အခုအခါမှာ စစ်တပ်အနေနဲ့ ဆက်လက်ပြီး မငှားရမ်းနိုင်တော့တဲ့ အတွက် ဖယ်ရှား ပေးဖို့ အကြောင်းကြားတာ၊ ဆွေးနွေးတာတွေကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့ပြီးသား ဖြစ်တယ်လို့ ဖယ်ရှား ရှင်းလင်းတဲ့ အစီအစဉ်ကို ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ တပ်မြို့စည်ပင် ကြီးကြပ်ရေးမှူး ဦးမိုးမင်း၀င်းက ပြောပါတယ်။ အခုဖယ်ရှားခံရသူတွေဟာ မြေငှားတွေ ဖြစ်ကြပေမယ့်၊ ၁၉၈၈ ခုနှစ်မတိုင်ခင်ကတည်းက ဂရံမြေ၊သို့မဟုတ် ဘိုးဘွားပိုင် မြေတွေ အဖြစ်နဲ့ နေထိုင်ခဲ့ပြီး ဖယ်ရှားခံခဲ့ရသူတွေ ဖက်က သူတို့ရဲ့ မြေတွေကို ပြန်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေလည်းရှိနေပါတယ်။ အများပြည်သူတွေ အနေနဲ့ နိုင်ငံတော်ပိုင် မြေတွေပေါ်မှာ ငှားရမ်း နေထိုင်ကြတာသာ ဖြစ်ပြီး နိုင်ငံတော်က လိုအပ်လာတဲ့အခါ သိမ်းယူခွင့် ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောပါတယ်။ ဒီလို သိမ်းယူရာမှာ ဂရံချပေးထားတဲ့ သက်တမ်းကုန်ရင် သိမ်းယူတာ မဟုတ်ဘဲ လိုအပ်ချက်အပေါ် မူတည်ပြီးသာ ဆောင်ရွက်ပါတယ်လို့ သူက ဆို ပါတယ်။

အာဏာပိုင်တွေဖက်က တည်ဆဲဥပဒေတွေကို လိုက်နာ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ပြောပေမယ့် တကယ်တမ်း မြေသိမ်းခံရသူတွေ၊ နေ့တွင်းချင်း အိမ်မဲ့ယာမဲ့ ဖြစ်သွားသူတွေ ဖက်ကကျတော့ အဲဒီ ဥပဒေတွေဟာ တရားမျှတမှု မရှိဘူးလို့ ဆိုနေကြပါတယ်။

တကယ်တော့ ဒီလိုမြေယာသိမ်းတဲ့ ပြဿနာတွေဟာ စစ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ မူဝါဒတွေကြောင့် စတင်ခဲ့ရတာပါ။ လက်ရှိအစိုးရ လက်ထက်မှာ ဒီပြဿနာတွေ ကို ဖြေရှင်းဖို့ ကြိုးစားတာတွေ ရှိပေမယ့် တကယ့်ပြဿနာရဲ့ အရင်းအမြစ်တခုဖြစ်တဲ့ မြေယာတွေကို နိုင်ငံတော်က လိုအပ်တယ်ဆိုရင် သိမ်းဆည်းနိုင်တဲ့ ဥပဒေတွေ ကတော့ ဆက်လက် တည်ရှိနေဆဲ ဖြစ်တာကို တွေ့နေရပါတယ်။