မလေးရှားရောက် မြန်မာ တချို့ ပြန်လာကြပြီ

malaysia_return
Image caption ပြန်လည် ဆုံဆည်းကြရာဝယ်

မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် နေတဲ့ မြန်မာ အလုပ်သမားတွေထဲက တချို့ဟာ စနေနေ့ နေ့လည် ၂ နာရီက မြန်မာ နိုင်ငံကို လေကြောင်းခရီးနဲ့ ပြန်လည် ရောက်ရှိ လာခဲ့ ကြပါတယ်။

မလေးရှား နိုင်ငံမှာ မြန်မာ တချို့ အသတ်ခံ ရပြီးတဲ့ နောက်မှာ အခုလို ပြန်လာ ကြတာ ဖြစ်ပေမယ့် အခုပြန်လာ ကြသူတွေထဲက အများ အပြားက တရားမဝင် နေထိုင်ခဲ့ကြသူတွေလို့လည်း သိရပါတယ်။

ပြန်ရောက် လာသူတွေထဲက တဦး ဖြစ်တဲ့ တနင်္လာရီတိုင်း၊ မြိတ် ဒေသခံ ကိုရန်နိုင်လင်းကို ဆက်သွယ် မေးကြည့်တော့ အခု လေကြောင်း ခရီးစဉ်နဲ့ ပြန်လာကြသူ ၁၀၀ နဲ့ ၁၅၀ ဝန်းကျင်လောက် ရှိတယ်လို့ ပြောပါတယ်။

အခုလို ပြန်လာတာက ပထမဆုံး အကြိမ် ဖြစ်ပြီး ပြန်လာကြသူ တွေထဲမှာ မလေးရှားမှာ ဖမ်းဆီးခံခဲ့ ရသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး သူကိုယ်တိုင်လည်း အဖမ်းခံခဲ့ရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက် မှာ နိုင်ငံကူး လက်မှတ် မရှိလို့ အဖမ်းခံခဲ့ ရတာ ဖြစ်ပြီး မလေးရှားကိုတော့ နိုင်ငံကူးလက်မှတ် မရှိပေမယ့် အောက်လမ်း ကနေ လာခဲ့တာလို့ ပြောပါတယ်။

အခုလို ပြန်လာနိုင်အောင် မြန်မာ သံရုံးကနေ စီစဉ် ပေးခဲ့တဲ့အကြောင်း၊ သူနဲ့အတူ အဖမ်းခံနေရစဉ်က သိကျွမ်း ခဲ့တဲ့ သူ့မိတ်ဆွေ ၁၀ ယောက်လောက်လည်း ပြန်လာ ခဲ့ကြကြောင်း ဆိုပါတယ်။

အဖမ်းခံနေရစဉ် တုန်းကတော့ မြန်မာ လူမျိုးတွေ မလေးရှားမှာ အသတ်ခံရတဲ့ သတင်းတွေကို မကြားမိဘူးလို့ ပြောပါတယ်။

အခု ပြန်လာတာကတော့ မိခင် ဖြစ်သူကို လွမ်းလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ နိုင်ငံပြန်ရောက် ပြီးရင် ဘာဆက်လုပ်မလဲ ဆိုတာကိုတော့ မသိသေးတဲ့ အကြောင်း ဖြေကြား သွားခဲ့ပါတယ်။

အခု ပြန်လာ ကြတာ ကတော့ ပထမ အသုတ်ဖြစ်ပြီး နောက်ထပ်လည်း ပြန်လာကြဦးမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ