မွတ်ဆလင် ဒုက္ခသည်ကိစ္စ မြန်မာ ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

Image caption ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာကြတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ

မွတ်ဆလင် ဒုက္ခသည်တွေကို မြန်မာနိုင်ငံကို ပြန်ပို့ပေးရေး ကိစ္စကို လောလောဆယ် ဆိုင်းငံ့ထားဖို့ မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရကို ပြောကြားလိုက်ပါတယ်။

ဇွန်လ ၁၄ရက်ကနေ ၁၅ရက်နေ့အထိ နေပြည်တော်မှာ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ ၇ကြိမ်မြောက် နိုင်ငံခြား အတွင်းဝန်အဆင့် ဘင်္ဂလားဒေ့ရှ် မြန်မာ Foreign Office Consultation FOC အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်တွေဘက်က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းနဲ့ မြန်မာနိုင်ငံ ဒေသတချို့မှာ ဘာသာရေးနွယ်တဲ့ ပဋိပက္ခတွေ မကြာသေးခင်က ဖြစ်ပွားခဲ့ပြီး နယ်စပ် ဒေသမှာလည်း အခြေအနေတင်းမာမှု တချို့ ရှိနေတာကြောင့် အခြေအနေတွေ လုံးဝ တည်ငြိမ်သွားတဲ့ အချိန်အထိ မွတ်ဆလင် ဒုက္ခသည်တွေ ပြန်ပို့ရေးကို ဆိုင်းငံ့ထားဖို့ မြန်မာ ကိုယ်စားလှယ်တွေဘက်က တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီ ဆွေးနွေးပွဲမှာ မြန်မာဘက်က သဘာဝ ဓါတ်ငွေ့တွေကို ဘင်္ဂလားဒေ့ရှ် ဘက်က ဝယ်ယူလိုတဲ့ ကိစ္စ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ နယ်စပ်ဒေသ လုံခြုံရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ကို ပြတ်ပြတ်သားသား ချေမှုန်း ပစ်ဖို့နဲ့ နယ်စပ်ဒေသကို ခြေကုပ်ယူပြီး လူမျိုးရေး ဘာသာရေး မတည်ငြိမ်မှုတွေ ဖြစ်အောင် လုပ်နေတဲ့ အဖွဲ့အစည်းတွေကို လုံးဝ ချေမှုန်း ပစ်ဖို့ တွေကို နှစ်ဘက် သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ ဘက်က ကိုယ်စားလှယ် ၂၀ပါတဲ့ အဖွဲ့ကို ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးသန့်ကျော် ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ် ၁၁ဦးပါ အဖွဲ့ကိုတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန် Shahidul Haque က ဦးဆောင်ပြီး ဆွေးနွေးခဲ့ပါတယ်။