ကေအန်ယူနဲ့ အစိုးရတပ်ကြား ကျင့်ဝတ်ဆိုင်ရာ ဆွေးနွေး

  • 16 ဇွန် 2013
Image caption ကေအန်ယူ ဥက္ကဌ နဲ့ သမ္မတ ဦးသိန်းစိန်တို့ အခုနှစ် အစောပိုင်းက နေပြည်တော်မှာ တွေ့ဆုံ

ကရင် အမျိုးသား အစည်း အရုံး ကေအန်ယူနဲ့ အစိုးရ စစ်တပ်တွေ အပစ် အခတ် ရပ်စဲ ထားပြီး နောက်မှာ နှစ်ဘက် တပ်တွေ လိုက်နာ ရမယ့် ကျင့်ဝတ်တွေ ကိစ္စကို နှစ်ဖက် ကိုယ်စားလှယ်တွေ ရန်ကုန်မြို့မှာ ဆွေးနွေး နေကြ ပါတယ်။ ကေအန်ယူ ဘက်က ဗဟို ကော်မီတီဝင် စောတာ့ဒိုမူး၊ နိုင်ငံခြားရေး တာဝန်ခံ စောအောင်ဝင်းရွှေတို့ ဦးဆောင်တဲ့ အဖွဲ့နဲ့ အစိုးရ ဘက်က ငြိမ်းချမ်းရေး စင်တာ တာဝန်ရှိ သူတွေ ရန်ကုန်မြို့ ငြိမ်းချမ်းရေး စင်တာမှာ စနေနေ့က စပြီး ဆွေးနွေး နေကြ တာ ဖြစ်ပါတယ်။

ကေအန်ယူ စစ်တပ်နဲ့ အစိုးရ စစ်တပ် နှစ်ဘက် ကြားမှာ လိုက်နာ ရမယ့် ကျင့်ဝတ် code of conduct တွေ ကို အခု ဆွေးနွေး ပွဲမှာ အလွတ် သဘော တိုင်ပင် ညှိနှိုင်း နေတာ ဖြစ်ပါတယ်။

ဒီ တိုင်ပင် ညှိနှိုင်းမှုက ရတဲ့ အချက် အလက်တွေကို နောက်တကြိမ် နှစ်ဘက် စစ်ဖက် ဆိုင်ရာ ကျွမ်းကျင် သူတွေက ဆွေးနွေး ရဦးမှာ ဖြစ်တယ်လို့ ညှိနှိုင်း ဆွေးနွေး ပွဲ ကို တက်ရောက်တဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဒါပေမဲ့ သူတို့ ဆွေးနွေးတဲ့ အသေးစိတ် အချက်တွေကို ပြောကြားခြင်း မရှိပါဘူး။ ကေအင်ယူနဲ့ အစိုးရ ကြားမှာ အပစ် အခတ် ရပ်စဲရေး လုပ်ထားတာ တနှစ် ကျော်သွား တဲ့ အချိန်မှာ ကေအန်ယူ ဘက်က ဆက်ဆံရေး ရုံးတွေ နေရာ အတော် များများမှာ ဖွင့်နိုင်ခဲ့ ပါတယ်။ အဲဒီ ဆက်ဆံရေး ရုံးတွေက နှစ်ဘက် စစ်တပ် ကြား ပြဿနာ တွေကို ဖြေရှင်း ရတာမျိုး အထိတော့ မရှိသေး ဘူးလို့ဆိုပါတယ်။

ဒါပေမဲ့လည်း အစိုးရ စစ်တပ် အပြောင်း အရွှေ့ လုပ်တာတွေ၊ ရိက္ခာတွေ ဖြည့်နေတာမျိုး ရှိတဲ့ အပေါ်မှာ၊ လူမျိုးစု တွေရဲ့ အောက်ခြေ တပ်တွေမှာ စိုးရိမ် နေတာ တွေ လည်း ရှိပါတယ်။

ဒါကြောင့် အပစ်အခတ် ရပ်စဲ ထားတဲ့ ကာလ အတွင်း နားလည်မှု မလွဲမှား ရအောင် ကေအန်ယူနဲ့ အစိုးရ နှစ်ဘက် စစ်တပ်ကြားမှာ ထားရမယ့် ကျင့်ဝတ် code of conduct ကို ညှိနှိုင်းပြီးတော့ သတ်သတ် မှတ်မှတ် ဖြစ်စေချင်နေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့၊ အစိုးရငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီနဲ့ ကေအန်ယူ နှစ်ဘက်ကြား ပြောဆိုထားတာတွေ ရှိပေမဲ့၊ ကချင် ကိစ္စ ဖြစ်နေတာ ကြောင့်၊ ကြန့်ကြာ သွားရကြောင်း၊ အခု ကချင် ကိစ္စပြီးမှ၊ ဒီဘက်ကို ပြန်လှည့်လာ နိုင်တာလို့ နှစ်ဖက် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တွေ က ပြောပါတယ်။

တချိန်ထဲမှာ ကေအန်ယူ ဥက္ကဌ ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကလည်း ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ တွေ့ဆုံဖို့ မြန်မာ နိုင်ငံကို ရောက်နေ ပါတယ်။ ဒါပေမဲ့ ဆွေးနွေးမယ့် အချက်တွေ ကိုတော့ ကေအန်ယူက ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ