နိုင်/ကျဉ်း ၇၀ စာရင်း အစိုးရဘက်က တင်ပြ

burma_political_prisoner_
Image caption ဒီလို အပြုံးမျက်နှာတွေ ထပ်တွေ့ရဖို့ နီးပြီလား

အစိုးရအရာရှိကြီးတွေနဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသား များစိစစ်ရေး ကော်မတီအစည်းအဝေးကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြရာမှာ အစိုးရ ဘက်က နိုင်ငံရေး အရ ဖမ်းဆီးထားတယ် ဆိုတဲ့ လူ ၇၀ စာရင်းကို တင်ပြလာပါတယ်။

အဲဒီလူတွေကို လွှတ်ပေးဖို့ ကိစ္စတွေ ဘယ်တော့ လောက်မှာ ဖြစ်လာနိုင် မလဲ ဆိုတာကို အဲဒီ ကော်မတီရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့က ကိုရဲအောင် ကို ဆက်သွယ် မေးကြည့်တော့ ကော်မတီ အတွင်းရေးမှူး ရုံးကို သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး နဲ့ လူပုဂ္ဂိုလ် တဦချင်းစီကနေ နိုင်ငံရေး အကျဉ်းသား ဖြစ်လောက်တယ် ဆိုတဲ့ စာရင်း တွေကို တင်ပြထားတာ ရှိပြီး အရေအတွက် အားဖြင့် ၂၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

အဲဒီလူစာရင်းကိုလည်း အတွင်းရေးမှူးကနေ ကော်မတီဝင် တွေကို ချပြထားတယ်လို့ ပြောပါတယ်။

ဒီတခေါက် အစည်းအဝေး မှာတော့ သမ္မတရုံး ဘက်က သူတို့ နိုင်ငံရေး အကျဉ်းသားလို့ တွေ့ထားတဲ့ လူ ၇၀ စာရင်းကို ပေးလာပြီး စိစစ် ပေးဖို့ နဲ့၊ အားလုံး သဘောတူရင် သမ္မတဆီကို တင်ပြမယ်လို့ ပြောကြားလာတဲ့ အကြောင်း ပြောပါတယ်။

အစည်းအဝေးက ၂ နာရီပဲ ကြာပြီး တခြား အကြောင်းအရာတွေကို ဆွေးနွေးနေရ တဲ့အတွက် လူ ၇၀ စာရင်းကို သေချာ မကြည့်ရသေးလို့ အစည်းအဝေး အပြီးမှာ လူစာရင်းကို ပေးပို့ ပေးဖို့ ပြောထားကြောင်းနဲ့ စိစစ်ပြီး ပြန်လည် ပို့ပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။

အဲဒီ လူ ၇၀ ဘယ်တော့လောက် ပြန်လွတ် လာမလဲ ဆိုတာကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်ကြောင်းနဲ့ သမ္မတ အနေနဲ့လည်း အမြန်ဆုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

နောက်ကျန်နေသေးတဲ့ လူတွေကိုလည်း ဆက်ပြီး လွှတ်ပေး သွားဖို့ အတွက် အားလုံးကို အမြန်ဆုံး စိစစ်ပြီး တင်ပြနိုင်ဖို့ ကြိုးစားမှာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ကော်မတီမှာ ရှိတဲ့ တာဝန်ရှိသူ တွေနဲ့လည်း ဆက်သွယ်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ