မြန်မာ့ ရာဘာ ဥရောပကို ပထမဆုံး တင်ပို့

  • 17 ဇွန် 2013
Drying Rubber sheets
Image caption ရော်ဘာ ပြားတွေ အရည် အသွေး ကောင်း အောင် မီးကောင်းကောင်း ပေးပြီး အခြောက် ခံရ

မြန်မာ နိုင်ငံက ရာဘာ တန်ချိန် ၂ဝ ကို ပထမဆုံး အကြိမ် ဥရောပကို စတင် တင်ပို့ ခဲ့ပြီး ဖြစ်ပါတယ်။

ဥရောပက စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ ပေးခဲ့ပြီးတဲ့နောက် တင်ပို့ လာနိုင်တာ ဖြစ်ပါတယ်။

ရာဘာ တွေကို ပြင်သစ် နိုင်ငံဆီ တင်ပို့ ခဲ့တာ ဖြစ်ပြီး အမေရိကန် ကိုလည်း နမူနာ ပေးပို့ ထားတာ ရှိပါတယ်။

ဒါပေမဲ့ အရည် အသွေးမီတဲ့ ရာဘာတွေကို ရနိုင်ဖို့ ခက်နေ သေးတယ်လို့ မြန်မာ့ ရော်ဘာ စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောပါတယ်။

အရည် အသွေး မီတဲ့ ရာဘာ ထုတ်လုပ် နိုင်အောင် အသင်း အနေနဲ့ကူညီ ဆောင်ရွက်မှုတွေ စတင် လုပ်ဆောင် နေတယ်လို့ လည်း သူက ပြောပါတယ်။

တခြား နိုင်ငံတွေမှာ အရည် အသွေး ကောင်းမွန်တဲ့ ရာဘာတွေ ရနိုင်ပေမဲ့ မြန်မာ နိုင်ငံမှာ ဝယ်ယူဖို့ စိတ်ဝင်စား ရတဲ့ အကြောင်း ကတော့ လာမယ့် နှစ်တွေမှာ အမြောက် အမြား ထွက်မယ့် အလား အလာ ကောင်းလို့ ဖြစ်တယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။

အခု လောလောဆယ် တစ်နှစ်ကို ရာဘာ တန်ချိန် တစ်သိန်းခွဲပဲ ထုတ်နိုင် ပါတယ်။

မြန်မာ နိုင်ငံမှာ စုစုပေါင်း ရာဘာ စိုက်ဧက တစ်သန်း လေးသိန်း သုံးသောင်းကျော် ရှိပေမဲ့ ဧက ငါးသိန်းပဲ ထုတ်နိုင် သေးတာကြောင့် နောင်လာမယ့် လေးနှစ် ငါးနှစ် အတွင်း တန်ချိန် နှစ်ဆတိုး လာနိုင်တယ်လို့ ဦးခိုင်မြင့်က ပြောပါတယ်။

လက်ရှိ ပေါက်စျေးက တစ်တန်ကို အမေရိကန် ဒေါ်လာ ၂၄၅၀ ဖြစ်ပါတယ်။

မြန်မာ့ ရာဘာကို တရုပ် နိုင်ငံဆီ အများဆုံး တင်ပို့ နေတာ ဖြစ်ပြီး စင်ကာပူ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယ အပါအဝင် အာရှ နိုင်ငံတွေ ကိုပဲ တင်ပို့ နေတာဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ