၈၈ မျိုးဆက်တွေ ဘီဘီစီရောက်

  • 18 ဇွန် 2013
88
Image caption ၈၈ မျိုးဆက် ခေါင်းဆောင်များ ဘီဘီစီရုံးတွင်းမှာ သတင်းထောက်များနဲ့ တွေ့ဆုံ

အင်္ဂါနေ့က ယူကေနိုင်ငံ လန်ဒန်မြို့ကို ရောက်ရှိလာတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း အဖွဲ့ဝင် ရှစ်ဦးဟာ နေ့လည်ပိုင်းမှာ ဘီဘီစီ အသံလွှင့် ဌာနမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ အပြောင်းအလဲ၊ လောလောဆယ် ဖြစ်ခဲ့တဲ့ ဘာသာရေး နွယ်တဲ့ အကြမ်းဖက်မှု ကိစ္စ ၊တိုင်းရင်းသားဒေသတွေအရေး စတဲ့ ဘီဘီစီ သတင်းဌာနပေါင်းစုံက သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးပါတီဖွဲ့ ဖို့ ဆွေးနွေးဆုံးဖြတ်တာမျိုး မရှိသေးဘူး၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးဖို့ အင်မတန် အရေးကြီးတယ်လို့ ကိုမင်းကိုနိုင်က ဘီဘီစီ မြန်မာပိုင်းရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့ပြီး သူ့အနေနဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေး၊ ပြည်သူ့ ဒီမိုကရေစီ စတာကို ပို အာရုံကျပြီး အဲဒါကို တစိုက်မတ်မတ် လုပ်မယ်လို့ ဆိုပါတယ်။

လွှတ်တော်တွင်းဝင်ပြီး လုပ်လိုတဲ့ သူတွေရှိရင်လည်း ခွဲခြားပြီး တာဝန်ခွဲဝေမှုနဲ့ လုပ်နိုင်တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။

ဗြိတိသျှကောင်စီရဲ့ ဖိတ်ကြားချက်အရ ရောက်ရှိလာတဲ့ ဒီအဖွဲ့ရဲ့ ဇွန်လ ၁၈ ရက်နေ့ ကနေ ၂၅ ရက်နေ့အထိ ၇ ရက်ကြာမယ့် ဒီခရီးစဉ်အတွင်း၊ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ အထူးအကြံပေး ပုဂ္ဂိုလ်အပါအဝင် တခြား နိုင်ငံခြားရေးဌာနက အရာရှိတွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို အိုင်ယာလန်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာဖို့ မြောက်ပိုင်းအိုင်ယာလန်ကိုလည်းသွားမှာ ဖြစ်ပါတယ်။

စနေနေ့ လန်ဒန်မြို့မှာ မြန်မာအသိုင်းအဝိုင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ