၈၈ မျိုးဆက် နဲ့ ဘီဘီစီ အမေး အဖြေ

  • 19 ဇွန် 2013
_bbc_journo
Image caption ၈၈ ကျောင်းသား အဖွဲ့ ကို ဘီဘီစီ မေးမြန်း

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ရှစ်ယောက် ဟာ မနေ့ က လန်ဒန် ကို ရောက်လာတဲ့ နေ့ မှာပဲ ဘီဘီစီ ကမ္ဘာတလွား ရုပ်မြင်သံကြား နဲ့ အသံလွှင့် ဌာန ကို ရောက်လာ ခဲ့ပြီး မြန်မာ နိုင်ငံ ရဲ့ လတ်တလော အခြေအနေ၊ သူတို့ ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကြမ်း၊ မြန်မာ့ အနာဂတ် စတာတွေ ကို ဘီဘီစီ သတင်းဌာန တွေ က တွေ့ဆုံမေးမြန်းမှု ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ လတ်တလော ပြောင်းလဲမှု တွေရဲ့ အဓိက အကြောင်းရင်း ကို မေးမြန်းရာမှာ ကိုမင်းကိုနိုင်က ပြည်သူလူထု တရပ်လုံးက အပြောင်းအလဲ ကို လိုလားတဲ့ အလျောက် အားထုတ်ကြိုးပမ်းမှု လည်းရှိခဲ့လို့ မပြောင်းမဖြစ် တဲ့ အခြေအနေ ရောက်လာပုံ၊ အများကြီး ပြောင်းလဲတယ် လို့ စွဲမှတ် မထားသင့်ပဲ ၊ တချို့ဟာ အပေါ်ယံ ပြောင်းလဲမှု သာ ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။

မြန်မာနိုင်ငံ ရဲ့ အနာဂတ်မှာ စစ်တပ် ရဲ့ အခန်းကဏ္ဍ ဟာ ဘယ်လောက် အထိ အရေးပါနေဦး မှာလည်း ဆိုတဲ့ မေးခွန်းကို ကိုဌေးကြွယ် က ဖြေရာမှာ တပ်နဲ့ အတူ တမျိုးသားလုံးနဲ့ ရင်ကြားစေ့ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လုပ်ဆောင်ကြယင်း၊ တပ်ရဲ့ အခန်းကဏ္ဍ ကို အာဏာ ထိန်းချုပ်ရာမှ နိုင်ငံ တည်ဆောက်၊ ကာကွယ်ရေး ကို တာဝန်ယူတဲ့ အပိုင်းဆီ တဖြည်းဖြည်း လျှော့ချ ဖို့ လိုကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတ အဖြစ် မြင်လိုပါသလား၊ ဒါမှ မဟုတ် ဘယ်သူ့ ကို ရွေးချယ်မှာပါလဲ ဆိုရာမှာ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေး ရရှိရေး အတွက် ကြိုးစားလုပ်ဆောင်ပေး နိုင်မယ့် ခေါင်းဆောင်မျိုး၊ မည်သူ ကို မဆို လေးစားစွာ နဲ့ ကြိုဆိုမယ့် အကြောင်း ကို ကိုမင်းဇေယျာ က ဖြေကြားပါတယ်။

မြန်မာအစိုးရ ဟာ ဗုဒ္ဒဘာသာဝင်တွေ နဲ့ မွတ်ဆလင်တွေ အကြား တင်းမာမှု ကိုင်တွယ်ရာမှာ ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မေးခွန်းကို ကိုကိုကြီး က ရှင်းပြရာမှာ စွမ်းအားရှင် လို့ ခေါ်တဲ့ အဖွဲ့အစည်းတွေ ရဲ့ စနစ်တကျ၊ အကွက်ချ လုပ်ဆောင်မှု တွေကို အရေးမယူလို့ နိုင်ငံရေး အမြတ်ထုတ် တာလို့ မြင်ပုံ ကို ပြောပြပါတယ်။

ကိုမြအေး ကို တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာကို မေးရာမှာ ဘယ်နိုင်ငံ ကမဆို ပြည်တွင်းမှာ ရင်းနှီးမှု ပြုမယ် ဆိုရင် နိုင်ငံရော လူမျိုး အတွက်ပါ အကျိုးများစေဖို့ သာ အရေးကြီးကြောင်း ဖြေဆိုသွားပါတယ်။