နိုင်ငံကူး လက်မှတ် ထုတ်ပေးဖို့ မလေး အစိုးရကို တိုက်တွန်းမယ်

  • 19 ဇွန် 2013
Image caption မြန်မာ ပါ့စ်ပို့ထ် ပထမ စာမျက်နှာ

မလေးရှားမှာ စာရွက်စာတမ်း အထောက်အထားမဲ့ နေထိုင်သူတွေနဲ့ တရားမဝင် ရောက်နေတဲ့ မြန်မာအလုပ်သမား တွေကို တရားဝင် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ မလေးရှားအစိုးရကို ဆက်လက် တိုက်တွန်းမယ်လို့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောကြားလိုက်ပါတယ်။

အလုပ်သမားတွေရဲ့ အခေါ်အဝေါ်ဖြစ်တဲ့ အောက်လမ်းက သွားတဲ့သူ၊ တောင်ကျော်သွားတဲ့သူဆိုတဲ့ တရားမဝင် မလေးရှားကို ရောက်နေတဲ့သူတွေကို တရားဝင်နိုင်ငံကူး လက်မှတ် ထုတ်ပေးနိုင်ရေးအတွက် မြန်မာဘက်က မလေးရှား အစိုးရကို တိုက်တွန်း ထားပါတယ်။

အရင်ကလည်း တရားမဝင် အလုပ်သမားတွေကို မလေးရှား အစိုးရက လွှတ်ငြိမ်းချမ်းသာခွင့် သဘောနဲ့ တရားဝင် အလုပ်သမား ဖြစ်အောင် သက်ဆိုင်ရာ နိုင်ငံက နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတဲ့ အစီအစဉ်ကို လုပ်ခဲ့ဘူးပါတယ်။

အဲဒီ အစီအစဉ်မျိုး လုပ်ပေးဖို့ မလေးရှား အစိုးရကို ဆက်လက် တိုက်တွန်းသွားမယ်လို့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောတဲ့အကြောင်း အလုပ်သမားဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမောင်မောင်ကျော်က ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် သူက မြန်မာ နိုင်ငံသားတွေကို မလေးရှားမှာ အထောက်အထား ရှိလာအောင် တောင်းဆိုပေးတာ ဖြစ်ပြီး ဆစ်ပီ ပရိုဂရမ် လုပ်ပေးဖို့ ၊ ဆစ်ပီ ဆိုတာက စာအုပ် အကြီး ထုတ်ပေးဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အဲဒါမျိုး အရင်က လုပ်ပေးဖူးတာကြောင့် အခု ဒါကို တောင်းဆိုတာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အခုကြိုးပမ်းချက်ဟာ အထောက်အထားမဲ့နေတဲ့ မြန်မာတွေကို တရားဝင် ဖြစ်အောင် လုပ်ပေးတာမို့ ပါ့စ်ပို့ထ် လက်မဲ့တွေက ပူးပေါင်း လုပ်ဆောင်မယ် ဆိုရင် အောင်မြင်လိမ့်မယ်လို့ သူက ခန့်မှန်း ပြောဆိုခဲ့ပါတယ်။

မလေးရှားမှာလည်း အလုပ်သမားရေး ဆိုင်ရာ သံဝန်ထမ်းတွေ ခန့်ထားခဲ့ပြီမို့ မြန်မာ အလုပ်သမား အရေးကို အလေးထား လုပ်သွားလိမ့်မယ်လို့ ယူဆကြောင်း သူက ပြောပါတယ်။

ပါ့စ်ပို့ထ် မဲ့သူတွေကို သူတို့အနေနဲ့ အရေးယူမှာ မဟုတ်ပေမယ့် မလေး ဥပဒေ အတိုင်း မလေး အစိုးရက စီရင်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။

မလေးရှားမှာ မြန်မာနိုင်ငံသား ၅ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းကြပြီး အဲဒီအထဲမှာ တဝက်လောက်က တရားမဝင် အလုပ်သမားတွေဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ