ရခိုင်ပဋိပက္ခ တနှစ်ကြာ အခြေအနေထုတ်ပြန်

  • 18 ဇွန် 2013
rakhine
Image caption ရခိုင်ပြည်နယ် မှ ဒုက္ခသည် စခန်း

ရခိုင်ပြည်နယ် မှာ လူမျိုးရေး ပဋိပက္ခ ဖြစ်ပွား ခဲ့တာ တနှစ် ရှိခဲ့ပေမယ့် အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရတဲ့ လူပေါင်း တသိန်းခွဲ ခန့်ဟာ သူတို့ရဲ့ ဘဝ တွေ ပုံမှန် ပြန်ရောက်ရေး အနေအထား က မျှော်လင့်ချက် နည်းပါးနေဆဲ လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ ရဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ OCHA ရဲ့ အစီရင်ခံစာ မှာ ဖေါ်ပြထားပါတယ်။

လူပေါင်း ၁၆၇ ယောက် သေဆုံးပြီး အိုးအိမ် တသောင်းကျော် ပျက်စီး ဆုံးရှုံး ခဲ့ရတဲ့ ရခိုင် အဓိကရုန်း ကြောင့် ကယ်ဆယ်ရေး စခန်းမှာ နေထိုင်ဆဲ သူတွေ အတွက် အမိုးအကာ၊ အစားအသောက်တွေ နဲ့ ကျန်းမာရေး အထောက်အကူတွေ ကို ကဏ္ဍ အမျိုးမျိုး ကနေ ပေးခဲ့ကြလို့ အခြေအနေ တချို့ တိုးတက်ပေမယ့် ယာယီသာ ဖြစ်ကြောင်း စစ်တွေ မှ OCHA ဌာန အကြီးအကဲ ဘာဘရာမင်ဇီ က ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင် တင်းမာမှု တွေ လည်း မြင့်မားနေသေးလို့ အစိုးရ အနေနဲ့ ပြေလည်အောင် ဖြေရှင်းမယ် လို့ မျှော်လင့်ကြောင်း၊ OCHA ဘက်ကလည်း အခြေအနေ ပုံမှန်ရောက်အောင် ကြိုးစားပေးနေကြောင်း ဆိုပါတယ်။ အထူးသဖြင့် အခုလို မုတ်သုန်ရာသီမှာ နေစရာ အမိုးအကာ ရှိဖို့ အရေးကြီးကြောင်း၊ လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာရေး မှာလည်း အကန့်အသတ် တွေ မြင်နေ ရကြောင်း၊ လူ အများစု မှာလည်း အလုပ်လုပ်ခွင့်၊ ကျန်းမာရေး အခြေအနေ နဲ့ ပညာသင်ခွင့် တွေ ပါ ဆုံးရှုံးနေပုံ တွေ စစ်တွေ မှ OCHA ဌာန အကြီးအကဲ ဘာဘရာမင်ဇီ က ထောက်ပြ ပြောဆို သွားပြတယ်။