စစ်တပ်နဲ့ တွဲပြီး အခြေခံ ဥပဒေပြင်ဖို့ ဒေါ်စုပြော

  • 18 ဇွန် 2013
Image caption အခြေခံ ဥပဒေပြင်ရေးမှာ တပ်မတော် ပါလာအောင် ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်းနေ

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ရာမှာ စစ်တပ်ပါမှ ဖြစ်မယ်လို့ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်ပါတယ်။

မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ ကရင် အမျိုးသားပါတီနဲ့ ဇိုမီး ကွန်ဂရက် ပါတီတို့ ပါဝင်တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့စဉ်မှာ အခုလို ပြောကြားခဲ့တာပါ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ တပ်မတော်မပါပဲ လုပ်ဖို့ ခက်ကြောင်း၊ ဒါ့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို တပ်မတော်သားတွေ နားလည်လာအောင် တဖြည်းဖြည်း ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ အဲဒီ တွေ့ဆုံပွဲကို တက်ရောက်ခဲ့သူ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးနိုင်ငွေသိမ်း က ဘီဘီစီကို ပြောပါတယ်။

ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လွှတ်တော် အတွေ့အကြုံတွေ အကြောင်း ရှင်းလင်းပြောပြခဲ့ပြီး အကြံဉာဏ်တွေကိုလည်း တောင်းခံခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသား အဖွဲ့တွေဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းစစ် ငြိမ်းချမ်းရေးနဲ့ အချိုးကျ ကိုယ်စားပြု PRစနစ်တွေ အကြောင်း ပြန်လည် ဆွေးနွေး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အချိုးကျ ကိုယ်စားပြု PR စနစ် ဟာ ရှုပ်ထွေးမှု ရှိပြီး နားလည်ရ ခက်တာကြောင့် မြန်မာနိုင်ငံမှာ မကျင့်သုံးသင့်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့တွေရော၊ အပစ်ရပ် အဖွဲ့တွေပါ ပါဝင်တဲ့ တိုင်းရင်းသားအဖွဲ့ အင်အားစု၊ အစိုးရ အင်အားစုနဲ့ ဒီမိုကရေစီ အင်အားစုတို့ ပါတဲ့ ညီလာခံကြီး တရပ် ကျင်းပနိုင်ရေးကိုလည်း တိုင်းရင်းသားတွေဘက်က ဆွေးနွေး တင်ပြခဲ့ကြောင်း၊ ဒါပေမယ့် အစိုးရက အလားတူ ညီလာခံကြီးတခု ကျင်းပဖို့ စီစဉ်နေတာမို့ ဒီကိစ္စကို လောလောဆယ် ဆိုင်းငံ့ထား သင့်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က အကြံပြုခဲ့ကြောင်း ဦးနိုင်ငွေသိမ်းက ပြောပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့နဲ့ ဒေါ်အောင်ဆန်း စုကြည်တို့ရဲ့ ဒီ တွေ့ဆုံမှုဟာ ဒေါ်အောင်ဆန်း စုကြည် လွှတ်တော်ထဲ ရောက်သွားအပြီး ပထမဆုံး တွေ့ဆုံမှု ဖြစ်ပါတယ်။