ထိုင်းက ဖမ်းထားသူတွေ မြန်မာပြည်က ဟုတ်မဟုတ် စစ်ဆေးမယ်

  • 20 ဇွန် 2013
Muslim Rohingya in Thailand
Image caption ထိုင်းမှာ အဖမ်းခံထားရသူ တချို့

ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး မြန်မာနိုင်ငံကလို့ ဆိုနေတဲ့ မွတ်ဆလင် ၂ဝဝဝ ကျော်ကို မြန်မာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်ဖို့အတွက် မြန်မာ အစိုးရဘက်က လုပ်ဆောင် သွားမယ်လို့ ဘန်ကောက်ရှိ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။

အခု အဖမ်းခံ ထားရသူ တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းကာလတွေမှာ ထိုင်းနိုင်ငံကို လှေစီးပြီး ရောက်လာတဲ့ သူတွေ ဖြစ်ပါတယ်။

သူတို့ဟာ မြန်မာနိုင်ငံက လာသူတွေ ဟုတ်မဟုတ် စစ်ဆေးသွားမယ် ဆိုတာကို မြန်မာ သံရုံးကနေ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို ဒီသတင်းပတ် အစောပိုင်းကပဲ ကတိပေး ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက လူဝင်မှု ကြီးကြပ်ရေး လဝက ရဲ့ အကူအညီနဲ့ အမြန်ဆုံး စစ်ဆေးသွားမယ်လို့ ဘန်ကောက်ရှိ မြန်မာသံရုံး သံအမတ်ကြီး ဦးတင်ဝင်းက ဘီဘီစီကို ပြောပါတယ်။

တကယ်လို့ မြန်မာနိုင်ငံက လာတဲ့ သူတွေ ဖြစ်ရင်လည်း သူတို့ကို အရေးယူဖို့ မရှိသလို ကျန်ခဲ့တဲ့ မိသားစုဝင်တွေကိုလည်း အရေးယူမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက လာတဲ့သူတွေ ဖြစ်ခဲ့ရင် မြန်မာနိုင်ငံကို ပြန်ပို့မပို့ ဆိုတာကလည်း ကာယကံရှင်တွေရဲ့ ဆန္ဒကို မေးမြန်းပြီးမှသာ ဆုံးဖြတ်မယ့်အကြောင်း သံအမတ်ကြီးက ပြောပါတယ်။