ထိုင်းကို မြန်မာက ဆင်ဖြူ မငှားနိုင်

  • 19 ဇွန် 2013
elephant
Image caption ဆင်ဖြူကို အထူးပြု ထုတ်တဲ့ မြန်မာ ငွေစက္ကူ

အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ဇွန်လ ၁၃ ရက်က လုပ်တဲ့ အရှေ့ အာရှနဲ့ လက်တင် အမေရိက ဖိုရမ်မှာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတို့ သီးခြား ဆွေးနွေးခဲ့ ကြပါတယ်။

ဆွေးနွေးပွဲမှာ ထိုင်း ဝန်ကြီး ဆူရာပေါင်း က ဇင်းမယ် တိရစ္ဆာန်ရုံမှာ ပြဖို့ မြန်မာ ဆင်ဖြူတော်ကို ၆ လ ငှားရမ်းဖို့ မြန်မာ ဝန်ကြီး ဦး ဝဏ္ဏမောင်လွင် ကို ကမ်းလှမ်း ခဲ့ပါတယ်။

ထိုင်း မြန်မာ သံတမန် ဆက်ဆံရေး ၆၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ထိုင်းဘက်က ငှားရမ်းတာလို့ ဆိုပါတယ်။

ဆင်ဖြူတော်ကို သံတမန်ကောင်း တယောက်ရဲ့ အမှတ် သင်္ကေတ အဖြစ် သဘောထားပြီး အခုလို ငှားရမ်းတာ လို့လည်း ဆိုပါတယ်။

တရုတ် နိုင်ငံက ပန်ဒါဝက်ဝံကို သံတမန် အဖြစ် သင်္ကေတ ပြုခဲ့ ဖူးသလို ထိုင်းနဲ့ မြန်မာ ကြားမှာ ဆင်ဖြူတော်ကို သင်္ကေတပြု ငှားရမ်းဖို့ ကမ်းလှမ်းတာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ အစိုးရ ဘက်က ဆင်ဖြူတော် ငှားရမ်းရေး ကို ငြင်းဆန်ခဲ့ပါတယ်။

ဆင်ဖြူတော်ကို ဇင်းမယ် အထိ ပို့ဆောင်ရမှာ အခက်အခဲ ရှိပြီး ဆင်ဖြူတော်ရဲ့ ကျန်းမာရေး ကို စိုးရိမ်လို့ မငှားတာလို့ အကြောင်းပြ ပါတယ်။

ဒါပေမဲ့ မြန်မာ နိုင်ငံက ဆင်ဖြူကို ကြည့်ဖို့ ထိုင်းနိုင်ငံသား တွေ အတွက် အထူး လေယာဉ် ခရီးစဉ်တွေ စီစဉ်ပေး မယ်လို့ သမ္မတရုံး ဝက်ဘ်ဆိုက် စာမျက်နှာ မှာ ဖော်ပြ ထားပါတယ်။

ဒီလို စီစဉ်ခြင်း အားဖြင့် ခရီးသွား လုပ်ငန်း တိုးတက်နိုင်တယ် လို့လည်း မြန်မာ ဘက်က ဆိုပါတယ်။

ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံလုံးရဲ့ အစိုးရတွေဟာ ဆင်ဖြူတော်ကို သာမန် တိရစ္ဆာန် အဖြစ် သဘော မထားဘဲ ဘုန်းကျက်သရေ တိုးစေတဲ့ အရာ ဆိုတဲ့ ရှေးဆန်တဲ့ အယူအစွဲ ထားရှိ ကြသူတွေ ဖြစ်ကြပါတယ်။

ပဒေသရာဇ် ခေတ်အဆက်ဆက် က အယူအဆ ဟောင်းကို ဆက်လက် စွဲကိုင် ထားကြတာ ဖြစ်ပါတယ်။

ထိုင်း ပဒေသရာဇ် ဘူမိဘောမှာ စုဆောင်းထားတဲ့ ဆင်ဖြူ ၁ဝ ကောင် ရှိပြီး မြန်မာနိုင်ငံ မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ထက်မှာ ဆင်ဖြူတွေကို ရှာဖွေ စုဆောင်း လာခဲ့တာ အခုဆိုရင် ဆင်ဖြူ ၈ ကောင် ရှိပါတယ်။

သိပ္ပံပညာ ရှုထောင့်ကနေ လေ့လာ သုံးသပ်သူ တွေကတော့ ဆင်ဖြူ ဆိုတာဟာ Albino လို့ခေါ်တဲ့ မျိုးရိုးဗီဇ ဖောက်ပြန်မှု ကြောင့် ရောဂါ ဖြစ်ပွား နေတဲ့ သတ္တဝါ တမျိုးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ