ကမ္ဘာမှာ ၁၈ နှစ် အတွင်း ဒုက္ခသည် အများဆုံး

  • 20 ဇွန် 2013
Refugees fleeing frm Burma to Thailand
Image caption မြန်မာ နိုင်ငံ ကနေ ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေး လာကြတဲ့ ဒုက္ခသည်များ

ကမ္ဘာ့ ဒုက္ခသည် များနေ့မှာ ထုတ်ပြန်တဲ့ UNHCR အစီရင် ခံစာမှာ ကမ္ဘာ တဝန်း စစ်ပွဲ တွေကြောင့် ၂၀၁၂ ကုန်မှာ ဒုက္ခသည် ၄၅ သန်းကျော် ရှိပြီး နေရပ်ရင်းကို စွန့်ခွာ ရတဲ့လူ ဦးရေဟာ ၁၈နှစ် အတွင်းမှာ အများဆုံး ဖြစ်တယ်လို့ ပြောထား ပါတယ်။

ဒီလို ကမ္ဘာ့ ဒုက္ခသည်တွေ များလာရ တာဟာ စစ်မက်ဖြစ်ပွားနေတဲ့ အာဖဂန်၊ ဆိုမာလီ၊ အီရတ်၊ ဆီးရီးယားနဲ့ ဆူဒန် စတဲ့ ငါးနိုင်ငံကြောင့် အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံက စစ်ပွဲ အကြီး အကျယ် ဖြစ်တဲ့ နိုင်ငံတွေ ထဲမှာ မပါပေမဲ့ ပြည်ပရောက် ဒုက္ခသည် စုစုပေါင်း လေးသိန်း တစ်သောင်းကျော် ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ် ဘက်မှာ နှစ်သိန်း သုံးသောင်းနဲ့ ထိုင်းနိုင်ငံမှာ တစ်သိန်း နှစ်သောင်းကျော် ဖြစ်ပါတယ်။

ပြည်တွင်း ပဋိပက္ခ တွေကြောင့် မြန်မာ နိုင်ငံကနေ ပြည်ပကို ထွက်ပြေး ရသူပေါင်း လောလောဆယ် ၇၀၀ လောက်ပဲ ကုလ စမဂ္ဂ စာရင်းမှာ ရှိပါတယ်။

ရေကြောင်းက ထွက်ပြေးကြတဲ့ ရိုဟင်ဂျာတွေရဲ့ စာရင်း အတိ အကျ မရတဲ့ တကယ်တန်း အရေအတွက်က အတွက်က အဲဒီထက် များမှာ သေချာ တယ်လို့ ယူအင်အိတ်ချ်စီအာက အကြီးတန်း လူထု ဆက်ဆံရေးမှူး ဗီဗီယန် တန် Vivian Tan က ဘီဘီစီကို ပြောပါတယ်။

ရခိုင်ပြည်နယ်က ပဋိပက္ခကြောင့် အိုးအိမ် စွန့်ခွာရသူ တွေဟာ ပြည်တွင်းမှာ များတဲ့ အတွက် နိုင်ငံ တကာ ဒုက္ခသည် စာရင်းထဲမှာ မပါဝင်ပါဘူး။

ဖြစ်ကာစက စခန်းတွေမှာ တစ်သိန်းကျော် ရှိခဲ့ ရာက အခုနောက်ဆုံး တစ်သိန်း လေးသောင်း ရှိ တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံက မြန်မာ ဒုက္ခသည်တွေ အတွက် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ ဥရောပ နိုင်ငံ အချို့နဲ့ မလေးရှား တို့မှာ အခြေချ နိုင်အောင် ယူအင်အိတ်ချ်စီအာက စီမံပေးခဲ့ ပြီးဖြစ်ပြီး ပြည်တွင်း စစ်ကြောင့် နိုင်ငံ တွင်း ဒုက္ခသည် စခန်းတွေ က လူတွေ ကိုတော့ ကုလ သမဂ္ဂ ဘက်က လူသားချင်း စာနာတဲ့ အကူအညီတွေ၊ အိုးအိမ် ပြန်လည် နေရာ ချထား ရေးတွေ လုပ်ပေးနေတယ်လို့ အာရှနဲ့ ပစိဖိတ် ဒေသ ဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ ပြောခွင့်ရ အမျိုး သမီးက ပြောပါတယ်။

ကြာသပတေးနေ့က ထိုင်း မြန်မာ နယ်စပ် ဒုက္ခသည် စခန်း ကို ရောက်လာခဲ့တဲ့ အမေရိကန် ကျန်းမာရေး ဝန်ကြီး Kathleen Sebelius ကတော့ မြန်မာ ဒုက္ခသည် ၉ သောင်းကို ၇ နှစ် အတွင်း အမေရိကန် နိုင်ငံမှာ နေရာ ချထားပေးနိုင်ခဲ့ တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ