မြန်မာ့ အရေးမှာ ဝိုင်းကူဖို့ ဗြိတိန်ဝန်ကြီး တိုက်တွန်း

  • 21 ဇွန် 2013
Image caption ရခိုင်ဒေသ အခြေအနေကို ဗြိတိန် ဝန်ကြီး ကိုယ်တိုင် သွားကြည့်ခဲ့

မြန်မာနိုင်ငံကို ၄ရက်ကြာ သွားရောက်ခဲ့တဲ့ ဗြိတိန် နိုင်ငံတကာ အကူအညီပေးရေး ဌာန ဝန်ကြီး Alan Duncan က ရခိုင်ဒေသမှာ ရှိတဲ့ ဒုက္ခသည်တွေကို ကူညီရေးနဲ့ ကချင် ဒေသမှာ ငြိမ်းချမ်းရေး ရရေးတွေမှာ နိုင်ငံတကာက အကူအညီပေးကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မစ္စတာ Duncan ဟာ အစိုးရ ဝန်ကြီးတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့ပြီး မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းသား ဒေသတွေမှာ ဗြိတိန်နိုင်ငံအနေနဲ့ ဘယ်လို အကူအညီပေးနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ Duncan ဟာ ရခိုင်ဒေသကိုလည်း သွားရောက် ကြည့်ရှုခဲ့ရာမှာ ရခိုင်ခေါင်းဆောင်တွေနဲ့ရော၊ ရိုဟင်ဂျာ ခေါင်းဆောင်တွေနဲ့ပါ ဆွေးနွေးခွင့် ရခဲ့တာမို့ အဲဒီမှာ အခြေအနေတွေ ဘယ်လောက်ခက်ခဲ ရှုပ်ထွေးတယ် ဆိုတာကို ကိုယ်တိုင် သိခွင့် ရသွားတယ်လို့ သူနဲ့ အတူ ရခိုင် ခရီးစဉ်ကို လိုက်ပါသွားတဲ့ ဗြိတိသျှ သံအရာရှိ တဦးက ဘီဘီစီကို ပြောပြပါတယ်။

ဗြိတိန်နိုင်ငံဟာ မြန်မာနိုင်ငံကို အများဆုံး အကူအညီပေးနေတဲ့ နိုင်ငံဖြစ်ပြီး ၂၀၁၁ခုနှစ်ကနေ ၂၀၁၅ခုနှစ်အတွင်း ကျန်းမာရေး၊ ပညာရေးနဲ့ လူသားချင်း စာနာတဲ့ အထောက်အကူတွေ အဖြစ် ပေါင် သန်းပေါင်း၁၈၀ကျော် အကူအညီပေးဖို့ ရှိပါတယ်။