မိုဘိုင်းဖုန်း လိုင်စင် ချပေးတော့မယ်

  • 22 ဇွန် 2013
phones
Image caption မြန်မာ့ မိုဘိုင်းဖုန်း ဝန်ဆောင်မှုတွေ ပိုကောင်းလာ တော့မလား

မြန်မာနိုင်ငံမှာ လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ဆိုရင် မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့် လိုင်စင် အတွက် တင်ဒါ လျှောက်ထား ကြတဲ့ ကုမ္ပဏီ ၁၁ ခု ထဲကနေ ၂ ခုကို ရွေးချယ်ပြီး လုပ်ကိုင်ခွင့်တွေ ချပေးတော့မှာ ဖြစ်ပါတယ်။

တင်ဒါ လျှောက်ထားတဲ့ ကုမ္ပဏီ တွေထဲက တခု ဖြစ်တဲ့ Digicel ကုမ္ပဏီရဲ့ အော်ပရေးရှင်း ဒါရိုက်တာ လော်နာ မက်ဖာဆင်ကို ဆက်သွယ် ပြီး အခု လောလောဆယ် လုပ်ငန်း လုပ်ကိုင်ခွင့် ရွေးချယ်ပေးမယ့် စနစ်နဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ပိုင်းမှာ ဘယ်လို ရှိပါသလဲ ဆိုတာကို စတင်ပြီး မေးကြည့်တော့-

Digicel ။ ရွေးချယ် မှုက ပွင့်လင်းမြင်သာမှု အပြည့်ရှိတယ်။ အစိုးရဘက်ကလည်း ပြောထားတဲ့ အချိန်ကာလ အပိုင်းအခြား အတိုင်း အတိအကျ လုပ်ကိုင် ဆောင်ရွက်တာကို တွေ့ရပါတယ်။ ကုမ္ပဏီတွေရဲ့ တင်ဒါ လျှောက်ထား ချက်တွေကိုလည်း သေချာ လေ့လာတယ်လို့ သိရတဲ့ အတွက် Digicel အနေနဲ့ ကျေနပ်မှု ရှိပါတယ်။

မေး။ လာမယ့် ၂၇ ရက်နေ့မှာ ရွေးချယ်ခံရတဲ့ သူဘယ်သူဆိုတာ သိရတော့မှာ ဆိုတော့ အဲဒီ အပေါ်မှာ ဘယ်လို မျှော်လင့် ထားသလဲ။ ရရင် ဘာဆက်လုပ်မလဲ။

Digicel ။ အဲဒီ ၂၇ ရက်နေ့မှာ အဖြေထွက်မယ်လို့ ပြောထားတော့ အားလုံးက စိတ်လှုပ်ရှားစွာနဲ့ မျှော်နေကြတာပါ။

အရွေးခံရဖို့လည်း မျှော်လင့်ပါတယ်။ တကယ်လို့ အရွေးခံရရင်တော့ အရင်က Digicelက ပြောထားခဲ့တဲ့ အတိုင်း လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့မှာ ဖုန်းတွေ သုံးစွဲလို့ ရနေအောင် လုပ်စရာ ရှိတာတွေ အကုန်လုပ်မှာပါ။ အဲဒီနေ့မှာ မြန်မာ နိုင်ငံ လူဦးရေရဲ့ ၅၂ ရာခိုင်နှုန်း ဖုန်းသုံးစွဲနိုင် စေရပါမယ်။

မေး။ အဲဒီ အတွက် ဘယ်လောက်ရင်းနှီးမြှုပ်နှံမလဲ။

Digicel ။ အခုအချိန်မှာတော့ ဒီဇင်ဘာ ၁ ရက်နေ့ အဆင်သင့် ဖြစ်အောင် ဘယ်လောက် သုံးမလဲ ဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ အရင်က Digicel အကြီးအကဲ ဒင်းနစ္စ အိုဘရိုင်း ပြောထားခဲ့တဲ့ အတိုင်းပါပဲ မြန်မာ နိုင်ငံမှာ Digicel အနေနဲ့ ဒေါ်လာ ၉ ဘီလီယံ လောက် ရင်းနှီးမြှုပ်နှံ သွားဖို့ ရှိပါတယ်။

မေး။ ဒီလောက် ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံမှာ ဆိုတော့ အဲဒါက မြန်မာ လူထု အပေါ်မှာ ဘယ်လို အကျိုးရှိနိုင်မလဲ။

Digicel ။ မြန်မာ လူထုအတွက် အကျိုးဖြစ်ထွန်းမှာပါ။ ဆယ်သွယ်ရေး စနစ် တိုးတက် ကောင်းမွန်တဲ့ နိုင်ငံတိုင်းမှာ အကျိုးဖြစ်ထွန်းတဲ့ သာဓက တွေ ရှိပါတယ်။ Digicel ရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေ ရှိတဲ့ ပါပူဝါ နယူး ဂီနီတို့ ဟေတီ တို့ကိုပဲ ကြည့်ပါ။

သုံးစွဲသူ လူထု အတွက်က အရှုံးမရှိ ပါဘူး။ ဆက်သွယ်ရေး စနစ် တွေကောင်းမယ် ။ အင်တာနက် ကောင်းကောင်း သုံးလို့ ရမယ် ဆိုတော့ ပြင်ပ ကမ္ဘာနဲ့လည်း လွယ်လွယ်ကူကူ ဆက်သွယ် မှုတွေ လုပ်လာ နိုင်မယ်လေ။

မေး။ အလုပ်အကိုင် ဖော်ဆောင်နိုင်မှု ဘက်မှာရော ။ မြန်မာ တွေအတွက် ဘယ်လို အကျိုးရှိမလဲ ၊ မြန်မာ လုပ်သား တွေ ထဲက ဘယ်လောက်အလုပ်ပေးသွားဖို့ ရှိလဲ။

Digicel ။ လူတွေကို ထောင်နဲ့ ချီပြီး ခန့်ထားဖို့ စဉ်းစားထားပါတယ်။ ပြီးတော့ Digicelမှာ အလုပ်ရမှ မဟုတ်ပါဘူး။ ဒီကဏ္ဍနဲ့ ဆက်သွယ် လုပ်ကိုင်ကြမယ့် လူတွေလည်း အကျိုး ရှိကြမှာပါ။ ဥပမာ top up တွေ ရောင်းတာမျိုး ၊ Digicel ရဲ့ ဖုန်းနဲ့ ဝန်ဆောင်မှုတွေကို တဆင့် ပြန်ရောင်းတာမျိုး လုပ်တဲ့ လူတွေလည်း အဆင်ပြေမှာပါ။ လူတွေ သိန်းနဲ့ချီပြီး အလုပ်တွေ အဆင်ပြေလာ နိုင်မှာပါ။

လက်ရှိ အချိန်မှာလည်း Digicel မှာ လူ ၈၉၅ ယောက်ကို ခန့်အပ်ပြီး လေ့ကျင့် သင်တန်းတွေ ပေးထားလို့ လုပ်ငန်း ဆောင်ရွက်ဖို့ အတွက်လည်း အသင့် ဖြစ်နေကြပါတယ်။ ပြီးတော့ ဒီမှာက ဝန်ထမ်းတွေကို အမြဲ လေ့ကျင့် ပေးနေတာ ဖြစ်လို့ တချိန်ကျရင် ကုမ္ပဏီရဲ့ အကြီးအကဲ နေရာတွေမှာ မြန်မာ နိုင်ငံသားတွေ ဖြစ်နေတာကို တွေ့ရမှာပါ။ မြန်မာ နိုင်ငံမှာ လုပ်ငန်း လုပ်ကိုင် ခွင့်ရခဲ့ရင် မြန်မာ လုပ်သား ၉၇ ကနေ ၉၉ ရာခိုင်နှုန်းကို ခန့်ထားပြီး လုပ်ကိုင်သွားဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ