တပ်စခန်း တခုဖယ်ပေးဖို့ SSPP/SSA ကို ညွန်ကြားချက်ထုတ်

Image caption SSPP/SSA စစ်ရေးပြ ချီတက်နေ

အစိုးရနဲ့ မနှစ်တုန်း အပစ်အခတ် ရပ်စဲထားပြီးဖြစ်တဲ့ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ရဲ့ တပ်စခန်းတခုကို ဖယ်ရှားပေးဖို့ အတွက် အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က SSPP/SSA ခေါင်းဆောင်တွေဆီကို ညွန်ကြားလိုက်တယ်။

ဒီညွန်ကြားချက်နဲ့ ပက်သက်လို့ SSA ဘက်က ဆောင်ရွက်သွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ်ခွဲမှာ အခြေစိုက်နေတဲ့ အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ) က ဂျီ၀မ်း ခေါ် စစ်ဦးစီးချူပ် ဒု-ဗိုလ်မှူးကြီး မျိုးထွဍ်လှိုင်က မိုင်းရှူးမြို့နယ်မှာ ရှိနေတဲ့ SSPP/SSA ရဲ့ တာဆမ်ပူး တပ်စခန်းကို ဖယ်ရှားပေးဖို့ ဆိုပြီး ပြီးခဲ့တဲ့ ကြာတပတေးနေ့တုန်းက SSPP/SSA အတွင်းရေးမှူး (၂) ဒု-ဗိုလ်မှူးကြီး စ၀ဝ်ခမ်းတီဆီကို ဖုန်းနဲ့ လှမ်းပြီး ညွန်ကြားထားတယ်လို့ သိရပါတယ်။

ဒီတပ်စခန်းကို ဒီရက်အပိုင်းအတွင်း အမြန်ဆုံးဖယ်ရှားပေးခိုင်းတယ်လို့ အခုလို ဖယ်ရှားခိုင်းရတဲ့အကြောင်းနဲ့ ပက်သက်ပြီး SSPP/SSA က ပြောခွင့်ရတစ်ယောက်ဖြစ်တဲ့ တပ်မှူး စိုင်းဆုက ဘီဘီစီကို ပြောပြပါတယ်။

အစိုးရ ဘက်ကနေပြီးတော့ ဘယ်နေ့ ဘယ်ရက်မှာ နောက်ဆုံးထား ဖယ်ပေးပါ ဆိုတာကိုတော့ တိတိကျကျ မပြောဘူးလို့လည်း တပ်မှူး စိုင်းဆုက ပြောပါတယ်။

အခု အစိုးရ စစ်တပ်ဘက်က ဖယ်ရှားခိုင်းတဲ့ တပ်စခန်းက ကျေးသီးမြို့နယ် ၀မ်ဟိုင်းဌာနချုပ်ရဲ့ အရှေ့တောင်ဘက် မှာရှိပြီး အရင် တပ်ဖွဲ့ဟောင်းတွေဖြစ်တဲ့ တပ်မဟာ (၃) နဲ့ တပ်မဟာ (၇) ဘက်ကို ကူးလူး ဆက်သွယ်နိုင်တဲ့ လမ်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် SSPP/SSA အနေနဲ့ကတော့ အခု ဖယ်ရှားခိုင်းတဲ့ နေရာဟာ သူတို့ အရင်ကတည်းက နေခဲ့တဲ့ နေရာဖြစ်တဲ့အတွက် ဖယ်ရှားပေးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

တဖက်မှာလဲ ၀မ်ဟိုင်းဌာနချုပ်ရဲ့ အနောက်မြောက်ဘက်က တာဖာဆောင် တပ်စခန်းဘက်ကိုလည်း အစိုးရစစ်တပ်က လေးဘက်လေးတန်နဲ့ တဖက်ကို အင်အား လေး ၊ ငါးဆယ်နဲ့ ချည်းကပ်နေလို့ နှစ်ဘက် တင်းမာမှု ရှိနေတယ်လို့ သိရပါတယ်။

အခု အင်အားနဲ့ တိုးချဲ့ထားတယ်ဆိုတဲ့ တာဖာဆောင် တပ်စခန်းကတော့ ရှမ်းပြည်မြောက်ဘက်ပိုင်း သီပေါ၊ ကျောက်မဲဘက်ကို သွားလာတဲ့ လမ်းကြောင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် အစိုးရ စစ်တပ်အနေနဲ့ SSA တပ်ဖွဲ့တွေ လှုပ်ရှားလို့ မရအောင် အဓိက လမ်းကြောင်းတွေကို ပိတ်ဆို့ထားလိုတဲ့သဘောဖြစ်နေတယ်၊ နှစ်ဦးနှစ်ဘက် အပြန်အလှန်ယုံကြည်မှု လျှော့နည်းအောင် လုပ်နေတဲ့သဘောဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အက်စ်အက်စ်အေ အရာရှိတဦးက ပြောပါတယ်။

SSA မြောက်ပိုင်းဟာ တပ်မဟာ ၁ ၊ ၃ နဲ့ ၇ ဆိုပြီး တပ်မဟာ ၃ ခုနဲ့ ဖွဲ့စည်းထားဖြစ်ပြီး အရင်စစ်အစိုးရနဲ့ ၁၉၉၄ ခုနှစ်မှာ အပစ်ခတ်ရပ်စဲထားပြီးတော့ ၂၀၀၉ ခုနှစ်မှာတော့ အစိုးရက ပြည်သူ့စစ်တပ်ဖွဲ့ပြောင်းခိုင်းလို့ ၂ ဖွဲ့ကွဲ သွားကြတာ ဖြစ်ပါတယ်။

အခုအဖွဲ့ကတော့ ပြည်သူ့စစ်ကို လက်မခံတဲ့ တပ်မဟာ ( ၁ ) တပ်ဖွဲ့ဖြစ်ပြီး မနှစ်ကတော့ အစိုးရအဖွဲ့နဲ့ ပြန်လည် အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့ပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ