နေးရှင်း ဦးလောရုံ အတ္ထုပ္ပတ္တိ ထုတ်ဝေ

  • 24 ဇွန် 2013
lawyone
Image caption ဥပဒေ စိုးမိုးရေး မဏ္ဍိုင်က သတင်းစာ တွေကို ကာကွယ်ခဲ့တယ် ဆိုတဲ့ ဝင်ဒီ လောရုံ

မြန်မာ နိုင်ငံမှာ တချိန်က သြဇာ ကြီးတဲ့ အင်္ဂလိပ် သတင်းစာ တစောင် ထုတ်ဝေခဲ့ပြီး ၁၉၆ဝ နှောင်းပိုင်းမှာ ဝန်ကြီးချုပ် ဟောင်း ဦးနုနဲ့ အတူ စစ်အစိုးရကို လက်နက်ကိုင် ဆန့်ကျင် ခဲ့တဲ့ သတင်းစာ ဆရာကြီး ဦးလောရုံ အတ္ထုပ္ပတ္တိကို သမီး စာရေး ဆရာမ ဝင်ဒီ လောရုံ က ရေးသား ထုတ်ဝေ လိုက်ပါတယ်။

အမေရိကမှာ ခေါင်းချ ခဲ့ရသူ ဦးလောရုံ မဆုံးခင်က ရေးသွားတဲ့ အတ္ထုပ္ပတ္တိကို တည်းဖြတ် ဖို့ သမီး ကို အကူအညီ တောင်းပေမယ့် အနှစ် ၃ဝ ကျော်မှ ဒီစာအုပ်ကို ပုံစံသစ်နဲ့ ရေးသား ထုတ်ဝေ ခဲ့တယ်လို့ သိရပါတယ်။

ဦးလောရုံ ဟာ မီဒီယာမှာ ဒီမိုကရေစီရဲ့ ကဏ္ဍကို အင်မတန် တန်ဖိုးထား ပြီး သတင်း ဆိုတာ အသက်ဝင်ရမယ်၊ စိတ်ဝင်စား စရာ ဖြစ်ရမယ် လို့ ယူဆသူ ဖြစ်ကြောင်း၊ ဒါပေမဲ့ သတင်း ဖြစ်ရပ် တွေကို မှန်တယ် ထင်တဲ့ ဘက်က ရပ်တည် ရေးသား သူဖြစ်ကြောင်း စာဖတ် ပရိသတ်က သိကြတယ်လို့ ဒေါ်ဝင်ဒီ လောရုံ က ဆိုပါတယ် ။

ဖိလစ်ပိုင်က မက်ဆေးဆေး သတင်းစာ ပညာ ဆုကို ၁၉၅၉ က ဦးလောရုံ ရရှိ ခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ သူ အဖမ်းခံရ ပြီးနောက် နေးရှင်း သတင်းစာ ကို အစိုးရ က ရပ်ဆိုင်း ခဲ့ပါတယ်။

သူရဲ့ နိုင်ငံရေး ကဏ္ဍကြောင့် အချက်အလက် မှန်မှန်ကန်ကန် ဖြစ်ဖို့ အထူး ဂရုစိုက်ရ ပေမယ့် ဒီမိုကရေစီခေတ် နိုင်ငံရေး သမိုင်းကို ဆွေးနွေး လေ့လာတာ အင်မတန် နည်းလို့ ဟိုခေတ် ကိစ္စတွေကို မသိရ တာက အတားအဆီး တခု လို့လည်း ဒေါ်ဝင်ဒီ လောရုံက ထောက်ပြ ပါတယ်။

သူ့ဖခင်နဲ့ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း- ဒေါ်ခင်မေသန်း စတဲ့ နာမည်ကြီး အာဏာရ ပုဂ္ဂိုလ်တွေ အကြားက သိမ်မွေ့တဲ့ ဆက်ဆံရေး အကြောင်း တွေကို ပထမဆုံး အကြိမ် ထုတ်ဖော် ရေးသား ခဲ့တာပါ။

၁၉၅ဝ ကျော်က ဘာသာ ပေါင်းစုံနဲ့ ထုတ်တဲ့ သတင်းစာ အစောင် ၄ဝ လောက် မြန်မာ ပြည်မှာ လွတ်လပ်စွာ ထုတ်ဝေ ခဲ့ပါတယ်။ ဟိုခေတ်က သတင်းစာ ဆရာ တွေကို ဝေဖန် သတိပေးတာ၊ ဖမ်းဆီး အရေးယူ တာတွေ ရှိပေမယ့်လည်း ဥပဒေ စိုးမိုးရေး မဏ္ဍိုင်ကြီးက တဘက်က အကာအကွယ် ပေးထား တယ်လို့ ဒေါ်ဝင်ဒီ လောရုံ က ဆိုပါတယ် ။

မြန်မာ နိုင်ငံမှာ အထင်ရှားဆုံး သတင်းသမား အတ္ထုပ္ပတ္တိ အဖြစ် ဂျာနယ်ကျော် မမလေးက ခင်ပွန်းသည် ဦးချစ်မောင် အကြောင်း သူလိုလူ စာအုပ် ရေးသား ခဲ့ကာ အမေရိကန် နိုင်ငံ ကော်နဲ တက္ကသိုလ်က အင်္ဂလိပ်လို ပြန်ဆို ထုတ်ဝေ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ