KIO ငြိမ်းချမ်းရေး လုပ်ငန်းဆိုင်ရာ အဖွဲ့ဖွဲ့မယ်

  • 23 ဇွန် 2013
Image caption အစိုးရနဲ့ အခုနောက်ဆုံး သဘောတူချက်တွေ ထဲမှာ KIO ငြိမ်းချမ်းရေး လုပ်ငန်းပိုင်းဆိုင်ရာ အဖွဲ့ဖွဲ့ရေး ပါဝင်

KIO ကချင် လွတ်မြောက်ရေး အဖွဲ့နဲ့ အစိုးရတို့ကြား ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှုတွေမှာ အထောက်အကူပြု ဆောင်ရွက်နိုင်ဖို့ အတွက် KIO အဖွဲ့က သူတို့ရဲ့ Technical Team လုပ်ငန်းပိုင်းဆိုင်ရာ အဖွဲ့ ကို ဖွဲ့စည်း တော့မှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ ဖွဲ့ရေးဟာ KIOနဲ့ အစိုးရ အကြား အခု နောက်ဆုံး တွေ့ဆုံ သဘောတူ ခဲ့တဲ့ အချက်တွေ ထဲမှာ တခု အပါ အဝင် ဖြစ်ပါတယ်။

ဒီအဖွဲ့ အနေနဲ့ နှစ်ဘက် တွေ့ဆုံ ဆွေးနွေးပွဲတွေ အတွက် အစိုးရရဲ့ Technical Team ဖြစ်တဲ့ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC အဖွဲ့နဲ့ အကြို ညှိနှိုင်း ဆွေးနွေးမှုတွေ၊ နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်မှုတွေ လုပ်သွားမှာ ဖြစ်သလို ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေး ကိစ္စတွေမှာလည်း ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ KIO ဘက်က ငြိမ်းချမ်းရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ PCG ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင် ဦးဆန်းအောင်က ဘီဘီစီကို ပြောပါတယ်။

အဲဒီအဖွဲ့ထဲမှာ အဖွဲ့ဝင် ၁၀ဦး ပါဝင်မှာ ဖြစ်ပြီး KIO ဘက် ၆ဦး အရပ်ဘက်က ၄ဦး ပါဖို့ ရှိတယ်လို့ ဆိုပါတယ်။

KIO ရဲ့ Technical Team အဖွဲ့ရုံးကို မြစ်ကြီးနား မြို့မှာ ဇွန်လအတွင်း ဖွင့်နိုင်မယ်လို့ မျှော်လင့်ထားကြောင်းနဲ့ မူအားဖြင့် သဘောတူထားပြီး ဖြစ်တဲ့ နှစ်ဘက် ကိုယ်စားလှယ်တွေ ပါတဲ့ (Joint Monitoring Committee )ပူးတွဲ စောင့်ကြည့်လေ့လာရေး ကော်မီတီ ဖွဲ့ရေး ကိစ္စကိုလည်း MPC အဖွဲ့နဲ့ တွေ့ဆုံ ညှိနှိုင်းဖို့ စီစဉ်ထားကြောင်း ဦးဆန်းအောင်က ပြောပါတယ်။

သိပ်မကြာခင်မှာ KIOနဲ့ အစိုးရအကြား နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နိုင်မယ့် အခြေအနေမျိုး ရှိတယ်လို့လည်း သူက ပြောသွားပါတယ်။