စစ်တပ်နဲ့ အပြိုင် လယ်ထွန်တဲ့ လယ်သမားတချို့ အဖမ်းခံခဲ့ရ

  • 24 ဇွန် 2013
Image caption အရေးယူခံရမှာကို ကြောက်ပေမယ့် လယ်တွေ ဆက်ထွန်သွားမယ်လို့ လယ်သမားတွေက ပြော

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်မှာ စစ်တပ်က သိမ်းထားတဲ့ လယ်တွေပေါ်မှာ စစ်တပ်ကရော ရွာသားတွေကပါ အပြိုင် တက် လယ်ထွန်ကြရာကနေ ပြဿနာ တင်းမာလာတဲ့ အတွက် ရခိုင်ပြည်နယ်က ဝန်ကြီးတွေ လာရောက် ဖြေရှင်းခဲ့ရပါတယ်။

ကျောက်တော်မြို့နယ် အုတ်တောင်ပြင်နဲ့ ပြိန်းချောင်း ရွာ လယ်သမားတွေဆီက စစ်တပ်က သိမ်းထားတဲ့ လယ်ဧက ၁၃၂ ဧကကို စစ်တပ် ကရော လယ်သမားတွေ ကပါ အပြိုင် လယ်တက်ထွန်ကြတဲ့ အတွက် ပြဿနာ တင်းမာ လာတာကြောင့် ရခိုင်ပြည်နယ်က လျှပ်စစ် ဝန်ကြီး ဦးသာလူချေနဲ့ နောက်ဝန်ကြီး တစ်ဦးအပါအဝင် ခရိုင် မြို့နယ် အဆင့် အရာရှိတွေ ကိုယ်တိုင် သွားရောက်ပြီး ပြဿနာကို ဒီကနေ့မှာ ဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။

အခု လယ်တက်ထွန်တဲ့ လယ်သမား ၂၈ ဦးထဲက ၁၈ ဦးကိုတော့ ခမရ ၅၃၉ တပ်ရင်းက ရဲစခန်းမှာ အမူဖွင့် တရားစွဲလိုက်ပြီ ဖြစ်တယ်လို့ ကြားသိ ရကြောင်း လယ်သမားတွေက ပြောပါတယ်။

ဒါပေမယ့်လည်း သူတို့မှာ တစ်ခြား လုပ်ကိုင် စားသောက်စရာ အသက်မွေး ဝမ်းကျောင်း အလုပ် မရှိတဲ့ အတွက် အရေးယူခံရမှာကို ကြောက်ပေမယ့် လယ်တွေကို ဆက်လက် ထွန်သွားမယ်လို့ ပြောပါတယ်။

လယ်သမားတွေဟာ တနင်္လာနေ့ မနက်ထိ လယ်တွေပေါ်မှာ စစ်သားတွေနဲ့ အပြိုင် ထွန်ယက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ ပြဿနာကို သွားရောက် စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ လျှပ်စစ် ဝန်ကြီး ဦးသာလူချေကတော့ လယ်မြေတွေကို လယ်သမားတွေ ပိုင်ဆိုင်ခဲ့တာ မှန်ပေမယ့် အခုအခါ စစ်တပ်လက်ထဲ တရားဝင် ရောက်ရှိသွားပြီ ဖြစ်တဲ့ အတွက် လယ်မြေ တွေ ပြန်ရရေးကို ဥပဒေအတွင်းကသာ ဆက်လက် ကြိုးစားသင့်တယ်လို့ ပြောပါတယ်။

ဒီလယ်မြေတွေဟာ ၂၀၁၀ ခုနှစ် အတွင်း အောက်တိုဘာလက ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးမောင်ဦး အမိန့်နဲ့ သိမ်းယူသွားတဲ့ လယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။

ခုလို စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေပေါ်မှာ လယ်တက်ထွန်တဲ့ အတွက် မင်းပြားမြို့နယ် ပုလဲပေါက် ကျေးရွာနဲ့ ရသေ့တောင်မြို့နယ် နေပူခံ၊ ကောင်းရီချောင်း ကျေးရွာတွေက လယ်သမားတွေ အများအပြားလည်း တရားစွဲခံထားကြရပြီး အမှု ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။