နေပြည်တော် ကျောက်ပြပွဲ သိန်းနှစ်ထောင်တန် စိန်ဘယက် ပျောက်ဆုံး

Image caption အဖိုးတန် အရည်အသွေးမြင့် ကျောက်များ

ဇွန်လ ၁၅ ရက်ကစပြီး ၂၇ ရက်နေ့ထိ နေပြည်တော်မှာ ကျင်းပနေတဲ့ အကြိမ် ၅၀မြောက် နေပြည်တော် ကျောက်မျက်ရတနာပြပွဲမှာ ပြပွဲအစနေ့ကတည်းက ပြသထားတဲ့ သိန်း ၂ထောင်ကျော်တန် စိန်ဘယက်တကုံး ပျောက်သွားသလို ကျောက်ကုန်သည်တွေ ၀ယ်ပြီးသား ကျောက်တွဲတွေမှာလည်း အရေအတွက်လျော့တာတွေ ချို့ယွင်းနေတာတွေရှိနေပါတယ်။

ဇွန်လ ၁၅ ရက်နေ့ ဖွင့်ပွဲနေ့က စိန်စီထားတဲ့ သိန်း ၂ဝဝဝ တန် ဘယက်တကုံး ပေါက်နေတာကို အခမ်းအနား ဖွင့်ပြီးတာနဲ့ တွေ့ရှိခဲ့ရကြောင်း နေပြည်တော် ကျောက်မျက်ရတနာပြပွဲမှာ ကိုယ်တိုင်တက်ရောက်တဲ့ မန္တလေး မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင် ဒု ဥက္ကဋ္ဌ ဦးဇော်ဇော် က ဘီဘီစီကို ပြောပါတယ်။

အဲဒီပွဲမှာ တရုတ်ကော တခြား နိုင်ငံခြားသား ကျောက်ကုန်သည်တွေ လာရောက်ကြပြီး အခမ်းအနား ဖွင့်ကြောင်း ကြေညာ ပြီးတာနဲ့ ဧည့်သည်တွေ ဝင်ပါ ဆိုတော့ အဲဒီ အချိန်မှာ အထဲမှာ ဧည့်သည် တချို့ ကြိုရောက် နေတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

အဲဒီ ဧည့်သည်တွေဟာ ပြည်တွင်းကလာ ပြည်ပကလား ဆိုတာကိုတော့ မသိရဘဲ တရုတ် ကုန်သည်တွေထဲမှာ ပရော်ဖက်ရှင်နယ် ပီသတဲ့ ကုန်သည်တွေ ရှိသလို တကယ့် ကုန်သည် မပီသတဲ့ သူတွေလည်း လာတယ်လို့ သူက ဆိုပါတယ်။

အဲဒီမှာ ပြပွဲ ကော်မတီ အနေနဲ့ လူဝင် လူထွက် ကြီးကြပ်မှု တခုခု အားနည်းချက် ရှိနေတာကို သူတို့က အကြံပေးထားကြောင်းလည်း သူက ပြောပါတယ်။

ဒါဟာ လုံခြုံရေး ကင်မရာတွေ အများအပြား ရှိရာ ခန်းမထဲမှာ ပျောက်ဆုံး သွားတာ ဖြစ်တဲ့ အတွက်ကြောင့် သူတို့ အနေနဲ့ ဆန်းဆန်းကြယ်ကြယ် ဖြစ်မိတယ်လို့ သူက ဆိုပါတယ်။

သူ့သူငယ်ချင်း တယောက် ဆိုရင် လေလံ ရခဲ့ပြီး ကျောက် ၁၃၈ ကိုက်တယ် ၊ တစကောင်းလေး ပါပြီး အဲဒီ ကျောက်တစ ကောင်းလေးကို သိန်း တရာ ၊ သိန်းနှစ်ရာ ထားပေးဆွဲ လေ့ရှိကြကာ တကယ်တမ်း လေလံ ဆွဲပြီးသွားလို့ အဲဒီကျောက်ကို သွားကြည့်တော့ ပျောက်ဆုံး နေတာကို တွေ့ရကြောင်း သူက ရှင်းပြခဲ့ပါတယ်။

အဲဒီလို ကျောက်ပျောက်ဆုံးမှုကို ကြည့်ရင် လုံခြုံရေး အားနည်း နေတယ်လို့ သုံးသပ်နိုင်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။

ဒါ့အပြင် အခုလို ပျောက်ရှမှုတွေ ရှိလာတာဟာ ပြပွဲ ကော်မတီရဲ့ အားနည်းချက်လည်း ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တခါ အခုလို ကျောက်ပွဲတွေကို အရင်တုန်းက တနှစ် သုံးလေးကြိမ် ကျင်းပလေ့ ရှိရာက ၂ဝ၁၂ တုန်းကဆို လုံခြုံရေး အကြောင်းပြပြီး မကျင်းပခဲ့သလို နိုင်ငံတော်က ကုန်ကြမ်းထက် ကုန်ချော ရောင်းချမှုကို အားပေးနေတာ တွေ့လာရပြီး တရုတ်ကုန်သည်တွေကို အားထားလာတာ သိသာနေတယ်လို့ သူက ပြောပါတယ်။

အဲဒီအတွက် ပြည်တွင်း ကုန်သည်တွေက အားငယ်စိတ် ဝင်မိတယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ကျောက်သမားတွေ အခေါ် လော်တွဲတွေကို တရုတ်က လာမရွေးရင် အရေးယူမှု အားနည်းပြီး မြန်မာကုန်သည်က လာမရွေးရင်တော့ အဲဒီ မြန်မာပိုင် ကုမ္ပဏီကို ဖျက်မယ် ၊ Blacklist လုပ်မယ် ၊ နောက်ပွဲ ကျောက် မရောင်းဘူး ဆိုတဲ့ ထိန်းချုပ်မှုတွေနဲ့ ဖိအားပေးကြတဲ့ အပေါ် မျှတမှု မရှိဘူးလို့ မြင်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။

တရုတ် ကျောက်ကုန်သည်တွေဟာ ကတိကဝတ်နဲ့ လုပ်တဲ့ ကိစ္စတွေမှာ ဥပဒေ မလေးစားတွေ အများအပြား ရှိတာ တွေ့ရတယ်လို့ သူက ပြောသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ