တိုင်းမ် မဂ္ဂဇင်းကို အစိုးရ ကန့်ကွက်

  • 24 ဇွန် 2013
TIME
Image caption မျက်နှာဖုံးမှာ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူရဲ့ပုံ ပါတဲ့ တိုင်းမ် မဂ္ဂဇင်း

ဇူလိုင်လ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ဝေတဲ့ Time တိုင်းမ် မဂ္ဂဇင်းမှာ The Face of Buddhist Terror ဆိုပြီး သံဃာတော် ဦးဝီရသူရဲ့ ဓါတ်ပုံနဲ့ တကွ ဖေါ်ပြ ခဲ့တဲ့ ဆောင်းပါးကို မြန်မာ အစိုးရက ကန့်ကွက်လိုက် ပါတယ်။

အတွင်းမှာ ပါတဲ့ ဆောင်းပါးရှင် ဟဲန်နာ ဘိချ် Hannah Beech ရဲ့ When Buddhists Go Bad ဆိုတဲ့ ဆောင်းပါး ကို မြန်မာ သမ္မတရုံးက ကန့်ကွက်တဲ့ ထုတ်ပြန်ချက်မှာ မြန်မာ နိုင်ငံဟာ ဘာသာရေး ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ကို ခွင့်ပြုတဲ့ နိုင်ငံ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။

တခါ ၉၆၉ အမှတ် တံဆိပ် ဟာလည်း ဗုဒ္ဓရဲ့ ဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါးကို ကိုယ်စားပြုတာ လို့ ဆိုပါတယ်။

အခု အချိန်မှာ မြန်မာ့ လူ့ဘောင် အတွင်း မလိုလားအပ်တဲ့ ပဋိပက္ခတွေ ဆက်မဖြစ်ဖို့ အားလုံး စုပေါင်းပြီး ဘာသာ တွေကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက် နေတာကို ထိခိုက်စေတဲ့ အတွက် ကန့်ကွက် တာလို့ လည်း ရေးထားပါတယ်။

ဒါပေမဲ့ TIME မဂ္ဂဇင်း ထဲက ဆောင်းပါးမှာ ပါတဲ့ ဘယ် အချက် တွေက အထင် အမြင် လွဲစေတယ် ဆိုတာ ကိုတော့ တိတိကျကျ ထောက်ပြ ထားတာ မတွေ့ရ ပါဘူး။

ဒါ့အပြင် ဒီထုတ်ပြန်ချက်ဟာ အင်တာနက် ပေါ်က သမ္မတရုံး ဝက်ဘ်ဆိုက် မှာသာ ထုတ်ပြန် ထားတာ ဖြစ်ပြီး အင်္ဂလိပ် ဘာသာနဲ့ ရေးသား ထုတ်ပြန်ခြင်း မရှိ တာကြောင့် မြန်မာ စာဖတ် ပရိဿတ် အတွက်သာ ရည်ရွယ် ထားပုံ ရပါတယ်။

TIME မဂ္ဂဇင်း ကြီးကို တရားဝင် ကန့်ကွက်စာ ပို့ဖို့ အစီအစဉ် ရှိ မရှိတော့ မသိရ ပါဘူး။

တကယ်တော့ တိုင်းမ် မဂ္ဂဇင်း ပါ ဆောင်းပါး ထဲမှာ ဦးဝီရသူရဲ့ ဟောပြောချက်၊ ၉၆၉ လှုပ်ရှားမှု တွေကို ထောက်ပြပြီး မြန်မာ နိုင်ငံ အတွင်း မွတ်ဆလင် တွေကို တိုက်ခိုက်မှု တွေနဲ့ ပတ်သက်လို့ ငြိမ်းအေးတဲ့ မြန်မာ နိုင်ငံက ဗုဒ္ဓ ဘာသာဟာ အစွန်းရောက် ဗုဒ္ဓဘာသာ ဖြစ်လာ လေပြီလား ဆိုတဲ့ သဘော ရေးသား ခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ်၊ မိတ္ထီလာ၊ လားရှိုး၊ ဥက္ကံ စတဲ့ မြန်မာ နိုင်ငံက မြို့တချို့မှာ ဘာသာရေး အသွင် ဆောင်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့ တာမှာ လှုံ့ဆော် မှုတွေ ရှိခဲ့တယ် ဆိုတာကိုလည်း ဒေသခံ တွေက ပြောခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ