ပြည်ခိုင်ဖြိုး ဝန်ကြီးတွေ ဗဟိုကော်မီတီကနေ နုတ်ထွက်

  • 25 ဇွန် 2013
Image caption အစိုးရ ဝန်ကြီးတွေအဖြစ် တာဝန် ထမ်းဆောင်နေချိန်မှာ ပါတီတာဝန်တွေ ဆိုင်းငံ့ထားမယ်လို့ ဆို

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မီတီဝင်တွေ ဖြစ်ကြတဲ့ အစိုးရ ဝန်ကြီးတွေ ပါတီ ဗဟို ကော်မီတီထဲကနေ ယာယီ နုတ်ထွက် လိုက်တယ်လို့ သိရပါတယ်။

အဲဒီ ဝန်ကြီးတွေထဲမှာ ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းနဲ့ သမဝါယမ ဝန်ကြီး ဦးကျော်ဆန်းတို့ ပါပြီး တနင်္လာနေ့က ကျင်းပ ပြီးစီးသွားတဲ့ ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မီတီ အစည်းအဝေးမှာ အခုလို ထုတ်ဖေါ်ကြေညာလိုက်တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပါတီ ဥက္ကဌ တာဝန်ကို ပါတီရဲ့ ဝါအရင့်ဆုံး ပုဂ္ဂိုလ် ဖြစ်တဲ့ သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကတည်းက လွှဲပြောင်းပေးခဲ့သလို အစိုးရ ဝန်ကြီးတွေကလည်း ဝန်ကြီးတာဝန် ထမ်းဆောင်နေသရွေ့ ဗဟိုကော်မီတီဝင်တွေ အဖြစ်ကနေ ယာယီ နုတ်ထွက်ထားဖို့ တင်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ဗဟို ကော်မီတီထဲမှာ အစိုးရ ဝန်ကြီးတွေ ပါနေတာဟာ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ထောက်ပြခဲ့အပြီးမှာ အခုလို နုတ်ထွက်ဖို့ ဖြစ်လာတာလို့ ယူဆရကြောင်း ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မီတီဝင် မကွေးတိုင်း မဲဆန္ဒနယ် အမှတ် ၁ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ဘီဘီစီကို ပြောပါတယ်။

အရင်ကလည်း အဲဒီ ဝန်ကြီးတွေအနေနဲ့ တကယ်တမ်းမှာ ပါတီ ဗဟို ကော်မီတီဝင် တာဝန်တွေကို ထမ်းဆောင်တာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။