မြန်မာနိုင်ငံမှာ ကလေးစစ်သား ဆက်ရှိနေဆဲ

  • 26 ဇွန် 2013
child soldier
Image caption ကလေးစစ်သား အနည်းငယ်သာ မြန်မာ စစ်တပ် ပြန်လွှတ်ပေး

မြန်မာ နိုင်ငံမှာ ကလေး စစ်သား အသုံးပြု မှု အခြေအနေ အကြောင်း ကုလသမဂ္ဂကို တင်ပြ ခဲ့တဲ့ UK အခြေစိုက် Child Soldiers International အဖွဲ့ တွေ့ရှိချက် တွေကို လန်ဒန်မြို့ ပါလီမန် အောက်လွှတ်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပါတီ ပေါင်းစုံ အမတ်များ အဖွဲ့ အစည်းအဝေးမှာ တင်ပြ ဆွေးနွေး ခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ မြန်မာ အစိုးရ အကြား သဘောတူ လက်မှတ် ထိုးခဲ့ အပြီး မှာတောင် မြန်မာနိုင်ငံမှာ ကလေး စစ်သား အသုံးပြုမှုတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ Child Soldiers International အဖွဲ့ အာရှ စီမံကိန်း မန်နေဂျာ Charu Lata Hogg က ဆိုပါတယ်။

လေ့လာ တွေ့ရှိချက် တွေအရ မြန်မာ အစိုးရ စစ်တပ်က ပြန်လွှတ် ပေးတဲ့ ကလေးစစ်သား အရေအတွက် လောလောဆယ် ၆၆ ယောက် ပဲ ရှိပါသေးတယ်။

ကလေး စစ်သားတွေ အသုံးပြုနေတယ်လို့ ၂ဝ၁၁ ခုနှစ်က သတ်မှတ် ခံခဲ့ရတဲ့ နယ်ခြားစောင့် တပ်တွေ အတွင်း ကိုလည်း သွားရောက် လေ့လာ စစ်ဆေးခွင့် မရခဲ့ပါဘူး။

သဘောတူညီ ချက်မှာ ပါသလို ကုလသမဂ္ဂ အထူးလုပ်ငန်း တာဝန် အဖွဲ့ တွေက တပ်ဖွဲ့ တွေမှာ ကလေး စစ်သား အသုံးပြုမှု ရှိမရှိ သွားရောက် လေ့လာခွင့် မရတာ ကိုလည်း တွေ့ရပါတယ်။

မြန်မာ စစ်တပ်မှာ ကလေးစစ်သား အသစ် ခန့်တဲ့ အရေအတွက် အရင်လောက် မများ တော့တာ မှန်ပေမယ့် ကလေး စစ်သား အသုံးပြု ခံရလို့ မကျေမနပ် တိုင်တန်းမှု တွေ မနှစ်က ရှိခဲ့သလို အခုနှစ် မှာလည်း ဆက်ရှိ နေဆဲပါ။

KNU တပ်ဖွဲ့တွင်းမှာ ကလေး စစ်သား ခန့်တာတွေ မလုပ်ဖို့ ညွှန်ကြား တာမျိုးတွေ ရှိပါတယ်။ တကယ် လက်တွေ့မှာ အကောင် အထည်ဖေါ် ဆောင်ရွက် သလား ဆိုတာကို အတိအကျ မသိရပါဘူး။ DKBA တပ်ဖွဲ့ ကတော့ ကလေး စစ်သား အသုံးပြုမှုတွေ ဆက်ရှိနေတာ တွေ့ရပါတယ်။ တခြား လက်နက်ကိုင် တပ်ဖွဲ့တွေ ကိုတော့ သွားလေ့လာခွင့် မရခဲ့ပါဘူး။

မြန်မာ အစိုးရ အနေနဲ့ ကလေး စစ်သား အသုံးပြုမှု တွေကို လုံးဝ ရပ်ဆိုင်းဖို့ နဲ့ လက်ရှိ ခန့်ထားတဲ့ ကလေး စစ်သားတွေ ကိုလည်း ပြန်လွှတ် ပေးဖို့၊ ဒါ့အပြင် စစ်တပ် တွေထဲ ကုလသမဂ္ဂ တာဝန် အဖွဲ့ကို သွားရောက် လေ့လာခွင့် ပြုဖို့၊ နောက်ထပ် ကလေးစစ်သား ထပ်ခန့် တာမျိုးတွေ မရှိအောင် တားဆီး နိုင်မယ့် ယန္တရား အစီအစဉ် တွေ ထားရှိဖို့ ဥပမာ အားဖြင့် အသက် အတိအကျ ဖေါ်ထုတ် တာမျိုးနဲ့ စစ်သား ခန့်အပ် ရာမှာ နာမည် စာရင်း အတိအကျ ပါတဲ့ အချက်အလက် တွေကို ဗဟိုက ထိန်းချုပ်ပြီး မှတ်တမ်းတင်ဖို့ လိုအပ်ပါတယ်။

ဇွန်လ ၂၇ ရက်နေ့ဟာ ကလေး စစ်သား အသုံးပြုမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ နဲ့ မြန်မာ အစိုးရ အကြား ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူ လက်မှတ် ထိုးတာ တနှစ် ပြည့်တဲ့ နေ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ