လွှတ်တော် အစည်းအဝေး တတိယနေ့ ဆက်ကျင်းပ

  • 27 ဇွန် 2013
Image caption လေယာဉ် အက်ဥပဒေကို ပြင်တဲ့ မူကြမ်းနဲ့ ဘက်စုံ ပို့ဆောင်ရေး ဥပဒေ မူကြမ်း ၂ခုကို ဆွေးနွေးဖို့ လက်ခံ

ပြည်သူ့လွှတ်တော် တတိယနေ့ ပုံမှန် အစည်းအဝေးတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ ဆက်လက် ကျင်းပခဲ့ကြရာမှာ ပို့ဆောင်ရေး ဝန်ကြီးဌာနက တင်သွင်းတဲ့ မြန်မာနိုင်ငံ လေယာဉ်အက် ဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းနဲ့ ဘက်စုံ ပို့ဆောင်ရေး ဥပဒေ မူကြမ်း ၂ ခုကို ဆွေးနွေးဖို့ ပြည်သူ့ လွှတ်တော်က လက်ခံလိုက်ပါတယ်။

ထူးခြားတာကတော့ ဗုဒ္ဓဟူးနေ့တုန်းက လွှတ်တော်မှာ ဆုံးဖြတ်ခဲ့တဲ့ ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ရရှိတဲ့ ကုမ္ပဏီ ၂ ခုအမည်ကို ဆက်သွယ်ရေး သတင်း အချက် အလက်နဲ့ နည်းပညာဝန်ကြီးက လွှတ်တော် ကျင်းပနေချိန်အတွင်း မကြေညာသေးလို့ အရေးကြီး အဆို အပေါ်မှာ လွှတ်တော် အမတ်တွေက ကန့်ကွက်ဖို့ အခွင့် မသာခဲ့တာကို ဒီနေ့ လွှတ်တော်မှာ ဝန်ကြီး ဦးမြတ်ဟိန်းက လာရှင်းလင်းတာကို လွှတ်တော် အမတ်တွေက လက်ခုပ်တီးပြီး ထောက်ခံ အားပေး တာကတော့ ထူးခြားတယ်လို့ လွှတ်တော်အမတ် ဦးရဲထွန်းက ပြောပါတယ်။

မနေ့တုန်းက ဆုံးဖြတ်ချက် အပေါ် စိတ်မသက်မသာနဲ့ လက်ခံ လိုက်ရတဲ့ လွှတ်တော် အမတ်တွေက ဒီနေ့မှာတော့ အများပြည်သူ အတွက် ကျေနပ် အားရမိတယ်လို့ ပြောကြပါတယ်။