မျိုးစောင့် ဥပဒေ ပြဌာန်းနိုင်ရေး သံဃာတော်တွေ ဆွေးနွေး

Image caption Time မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ ပတ်သက်လို့ လည်း ဒီအစည်းအဝေးမှာ ရှုတ်ချခဲ့ကြ

ဗုဒ္ဓဘာသာ၀င် မြန်မာ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့ မျိုးစောင့် ဥပဒေလို့ ဆိုတဲ့ ဥပဒေ တရပ် အတည်ပြု ပြဌာန်းနိုင်ရေးအတွက် သံဃာတော်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဗုဒ္ဒဘာသာဝင် မြန်မာ အမျိုးသမီးတွေကို အကာအကွယ် ပေးနိုင်ဖို့အတွက် ဥပဒေတရပ် ပြဌာန်းနိုင်ဖို့ လိုအပ်နေပြီလို့ အင်းစိန်မြို့နယ် အောင်ဆန်း တောရ တပ်ဦးကျောင်းမှာ ကျင်းပခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်း စောင့်ရှောက်ရေး သြဝါဒ ခံယူပွဲ ခေါင်းစဉ်နဲ့ သံဃာ့အစည်းအဝေးမှာ အဓိက ဆွေးနွေး ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီအချက်ကို ထောက်ခံကြတဲ့ သံဃာတော် ၁၅၀၀ လောက် တက်ရောက် လာတဲ့ ပွဲမှာ ကိုယ့်ဘာသာ ကို ထိန်းသိမ်း ကာကွယ်ဖို့ ဆောင်ရွက်တာကို ကန့်ကွက်တာဟာ မသင့်တော်ဘူးလို့ အစည်းအဝေးကို ဦးဆောင်ကျင်းပ ခဲ့တဲ့ အင်းစိန် ရွာမ စာသင် တိုက်က ဆရာတော် ဦးတိလောက က မိန့်ကြား ခဲ့ပါတယ်။ တခြား ဘာသာ အသီးသီးမှာ သူတို့ဘာသာကို ကာကွယ်ဖို့ အတွက် ပြဌာန်းချက် တွေ ရှိနေတာမို့ ဗုဒ္ဓဘာသာကိုလည်း အလားတူ ကာကွယ်ပိုင်ခွင့် ရှိကြောင်း၊ ဒီလို ကာကွယ်ဖို့ ဆောင်ရွက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာ မဟုတ်ကြောင်း သံဃာတော်တွေက ပြောခဲ့ကြ ပါတယ်။

ဒီညီလာခံကို မြန်မာနိုင်ငံမှာ ရှိတဲ့ တိပိဋက ဆရာတော် ၉ပါး စလုံး ကလည်း ထောက်ခံတယ်လို့ ဆိုပါတယ်။

အဲဒီ မျိုးစောင့် ဥပဒေ မူကြမ်းကို သံဃာတော် တွေရဲ့ တိုက်တွန်းချက်အရ ရေးဆွဲခဲ့တဲ့ ဥပဒေပညာရှင် ဦးရဲခေါင်ညွန့်ကလည်း မြန်မာ အမျိုးသမီးတွေ ဘာသာခြားနဲ့ လက်ထပ်တဲ့အခါ တခြားဘာသာတွေရဲ့ စည်းကမ်း ဥပဒေတွေ ကိုတော့ Statutary Law လို့ ခေါ်တဲ့ ပြဌာန်း ဥပဒေ အနေနဲ့ သတ်မှတ်ခံရပြီး မြန်မာ့ ဓလေ့ ထုံးတမ်း ဥပဒေကို ကျတော့ Customary Law လို့ ခေါ်တဲ့ ဓလေ့ထုံးတမ်း ဥပဒေအဆင့်သာ သတ်မှတ်တာကြောင့် ပြဿနာ ဖြစ်လာရင် သူများဘာသာရဲ့ ဥပဒေတွေကိုသာ လိုက်နာ နေရတယ်လို့ ပြောပါတယ်။ တခါ The face of Buddhist Terror ဆိုတဲ့ မျက်နှာဖုံး ဆောင်းပါးကို ဖော်ပြခဲ့တဲ့ Time Magazine ကိုလည်း ဒီအစည်းအဝေးမှာ ရှုတ်ချခဲ့ကြပါတယ်။

ဒီဆောင်းပါးဟာ နိုင်ငံနဲ့ လူမျိုးရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် စွပ်စွဲ ပုတ်ခတ်မှု ဖြစ်တယ်၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံရဲ့ ပုံရိပ်နဲ့ ဗုဒ္ဓ သာသနာရဲ့ ပုံရိပ်ကိုလည်း နိုင်ငံ တကာက အထင်အမြင် လွဲစေနိုင်တယ်လို့ ဒီညီလာခံက သုံးသပ် ပြောဆိုခဲ့ပါတယ်။

မလေးရှားကနေ ပြန်ရောက် လာတာနဲ့ လေဆိပ်ကနေ ညီလာခံဆီ တန်းပြီး ကြွလာခဲ့တဲ့ သီတဂူ ဆရာတော် အသျှင် ညာဏိသရ က အခုအခါ မွတ်ဆလင် နိုင်ငံတွေဖြစ်နေတဲ့ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် လို နိုင်ငံတွေဟာ တချိန်က ဗုဒ္ဓဘာသာ နိုင်ငံတွေ ဖြစ်ခဲ့တာကို ဆောင်းပါးရှင် Henna Beach က လစ်လျူရှုခဲ့ တယ်လို့ ဆိုခဲ့ပါတယ်။ ဗုဒ္ဓဘာသာကို ကာကွယ်ဖို့ အတွက် ဒီညီလာခံကို တက်လာတဲ့ သံဃာ့ အဖွဲ့နဲ့ အစိုးရ၊ သံဃာ့ မဟာ နာယက၊ ပြည်သူ စတဲ့ အင်အားစု လေးခုစလုံး ညီညွတ်ကြဖို့ လိုတယ် လို့လည်း မိန့်ကြားခဲ့ပါတယ်။

ဒီတော့ ညီလာခံ တက်လာတဲ့ သံဃာ ၁၅၀၀ ရဲ့ သဘောထားဟာ သံဃာအားလုံးရဲ့ သဘောထား ဖြစ်တယ်လို့ ခုချိန်မှာ ပြောနိုင်ဖို့ ခက်ပါတယ်။

ဒါပေမယ့် ဒီညီလာခံ ကျင်းပခဲ့တဲ့ အနေအထား ကိုကြည့်ရင် မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေကို အကြောင်းပြုပြီး ဗုဒ္ဓဘာသာကို ကာကွယ်ဖို့အတွက် အရေးကြီးနေပြီ ဆိုတဲ့ သဘောထားမျိုး ရှိတဲ့ အင်အားစု တရပ် ကြီးကြီးမားမား ရှိနေတာကိုတော့ တွေ့မြင်နေရပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်ကတော့ အမျိုးဘာသာ သာသနာကို စောင့်ထိန်းရမယ် ဆိုတာကို လက်ခံပေမယ့် ဒီမျိုးစောင့် ဥပဒေကြမ်းပါ အချက်တွေဟာ ယဉ်ကျေးမှု ဓလေ့စရိုက်တွေနဲ့ရော ဗုဒ္ဓဘာသာ ပြဌာန်းချက်တွေနဲ့ပါ မညီတဲ့အတွက် အတည်ပြုလာနိုင်စရာ မရှိဘူးလို့ ဘီဘီစီ ကို ပြောပါတယ်။