ညှဉ်းပန်းမှု ကာကွယ်ရေး လက်မှတ်ထိုးဖို့ အေအေပီပီ တိုက်တွန်း

  • 28 ဇွန် 2013

ကုလသမဂ္ဂရဲ့ ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်တားဆီးရေး သဘောတူညီချက် ကို မြန်မာနိုင်ငံလက်မှတ်ထိုးသင့်တယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး အသင်း ( မြန်မာနိုင်ငံ) AAPP က တိုက်တွန်းလိုက်ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံရသူများအား ပံ့ပိုးကူညီရေးနေ့မှာ အဲဒီလို လက်မှတ် ရေးထိုးဖို့ တိုက်တွန်းချက်ကို AAPP ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်ပါ ပြဌာန်းချက်တွေကိုလည်း မြန်မာနိုင်ငံက ဥပဒေတွေမှာ ထည့်သွင်း ပြဌာန်းဖို့ လိုတယ်လို့ လည်း ဆိုပါတယ်။

မြန်မာနိုင်ငံတွင်းမှာ နှိပ်စက် ညှဉ်းပန်းမှုတွေဟာ ရဲတွေရဲ့ ညှင်းပမ်းမှု၊ စစ်တပ်က နယ်စပ်ဒေသတွေမှာ ဒေသခံတွေကို နှိပ်စက်တာမျိုး တွေနဲ့ အိမ်ရှင်က အိမ်ဖေါ်ကို နှိပ်စက်တာမျိုး ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ရှိနေတယ်လို့ AAPP တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

အိမ်ရှင်က အိမ်ဖေါ်ကို နှိပ်စက်တာမျိုးကို ဥပဒေအရ အရေးယူနိုင်ပေမယ့် ရဲနဲ့ စစ်တပ်လို အစိုးရနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေကို အရေးယူဖို့ကို ခက်တယ်၊ တချို့ကို အရေးယူတယ်လို့ ကြားရပေမယ့် အများစုကို အရေးယူတာမျိုး မကြားရဘူးလို့ ဆိုပါတယ်။

အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို ထောင်၊ စစ်ကြောရေးစခန်း စတာတွေမှာ နှိပ်စက်ညှဉ်းပန်းခံရတာကို တိုင်ကြားပေမယ့် အရေးယူတာ မတွေ့ရဘူးလို့ ကိုဘိုကြည်က ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်တားဆီးရေး သဘောတူညီချက် ကို မြန်မာနိုင်ငံလက်မှတ်ထိုးခြင်းအားဖြင့် နှိပ်စက်ညှဉ်းပန်းမှု ပပျောက်အောင် လုပ်မယ်၊ နှိပ်စက်ညှဉ်းပန်းခံရသူတွကို ကူညီပံ့ပိုးပေးမယ် ဆိုတာ ပြသရာရောက်တယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ဥပဒေတွေကို ထိရောက်အောင် လုပ်ဖို့ လို သလို လွတ်လပ်တဲ့ စုံ့စမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဖို့ ခွင့်ပြုရမှာ ဖြစ်တယ်လို့ AAPP တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။