အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးအစည်းအဝေး

  • 28 ဇွန် 2013
_shwe_mann
Image caption လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း

အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး အမြန်ခေါ်ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း က သမ္မတ ဆီ ဇွန်လ ၂၅ ရက်နေ့ က သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဘာကြောင့် အမြန်ခေါ်ယူဖို့ လိုအပ်တာလည်း ဆိုတာ ကိုတော့ ဦးရွှေမန်း က လွှတ်တော်မှာ ရှင်းမပြခဲ့ပါဘူး။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖေါ်ပြထားတာ ကတော့ တိုင်း နဲ့ ပြည်နယ် တခုခုမှာ ဒါမှမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေမှာ အစိုးရ က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ အုပ်ချုပ်လို့ မရတဲ့ အခြေအနေ ရောက်ခဲ့ရင် သမ္မတ က အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ နဲ့ တိုင်ပင်ပြီး ဥပဒေ ကဲ့သို့ အာဏာတည်နိုင်တဲ့ အမိန့်ထုတ်ပြန် နိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

သမ္မတ ဦးသိန်းစိန် က ပြည်သူ့လွှတ်တော် ဥက္ကဌဆီ ပြန်တဲ့ သဝဏ်လွှာမှာ အချက်၃ ချက်ပါပေမယ့် ပထမ အချက် ၂ ချက် ကို လွှတ်တော် ကို အသိမပေးတဲ့ အတွက် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေးကို အမြန်ဘာကြောင့် ခေါ်ဖို့ လိုသလည်း ဆိုတာ ကို လွှတ်တော် အမတ်တွေက လည်း သိလိုကြပါတယ်။

သမ္မတ ပေးပို့တဲ့ သဝဏ်လွှာမှာ အချက် နံပတ် ၃ က တိုင်းရင်းသားတွေ နဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင်နေတဲ့ အပိုင်း ပါဝင်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့ ဒုတိယ ဥက္ကဌ ဦးအောင်မင်း က လွှတ်တော်မှာ ရှင်းပြကြောင်း ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဘူးဒွယ် က ဘီဘီစီ ကို ပြောပါတယ်။ ဦးအောင်မင်း ရှင်းပြတဲ့ အထဲမှလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းအဖွဲ့ ရဲ့ အကြောင်း တွေ သာ ပါဝင် ကြောင်း ဒေါ်ဘူးဒွယ် က ပြောပါတယ်။