လုံခြုံရေး ပစ်လို့ ပေါက်တောမှာ ၂ ယောက် သေဆုံး

  • 28 ဇွန် 2013
Rakhine Riots
Image caption ပြီးခဲ့တဲ့ နှစ်က ပဋိပက္ခတွေ အတွင်း ပျက်စီးခဲ့တဲ့ ပေါက်တောမြို့က မြင်ကွင်း

ရခိုင်ပြည်နယ် ပေါက်တော မြို့နယ်က ဒုက္ခသည် စခန်း တစ်ခုမှာ ကြာသပတေး နေ့က ခိုက်ရန် ဖြစ်ပွားမှု ဖြစ်ခဲ့စဉ် လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဝင်ရောက် ထိန်းသိမ်း ရာမှာ နှစ်ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာ ရခဲ့ ပါတယ်။

ပေါက်တော မြို့နယ် ကြိမ်နီပြင် မွတ်ဆလင် ဒုက္ခသည် စခန်းမှာ ပစ်ခတ်မူ ဖြစ်ပွားတဲ့ အတွက် တစ်ယောက်က ပွဲချင်းပြီး သေဆုံးပြီး သေဆုံးသူ နောက်တစ်ယောက်ကိုတော့ ဒဏ်ရာနဲ့ သေဆုံး နေတာကို နောက်နေ့မှ တွေ့ခဲ့ ရတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အဖွဲ့ ဒုတိယ ရဲမှူးကြီး ဦးမင်းအောင်က ပြောပါတယ်။

ဇွန်လ ၂၇ ရက် ကြာသပတေးနေ့ မနက်က ယာယီ တဲတွေ ဆောက်ဖို့ ပစ္စည်းတွေ ထားတဲ့ ကြိမ်နီပြင် အောက်ရွာကို ကြိမ်နီပြင် အထက်ရွာက အလုပ်သမားတွေ အလုပ်လုပ်ဖို့ လာကြတာကို တားဆီးရာက စတင် ခိုက်ရန် ဖြစ်ခဲ့တာလို့ လည်း သူက ပြောပါတယ်။

မနက်ပိုင်းက ဖြစ်ခဲ့တဲ့ တားဆီးမှုနဲ့ ပတ်သက်ပြီး လုံခြုံရေးတွေကို သွားရောက် အကြောင်းကြားခဲ့ တဲ့ အထက်ရွာသား ဆောက်လုပ်ရေး ကုမ္ပဏီ တာဝန်ခံ ကိုလာလူကို စစ်တပ်က ကာကွယ် ထိန်းသိမ်း ထားရာက ပြန်ထုတ်ပေးဖို့ တုတ်၊ ဓါးတွေ ကိုင်ဆောင်လာတဲ့ လူ ၅၀၀ လောက်က လုံခြုံရေးတွေကို လာရောက် တောင်းဆိုခဲ့ ရာက ပြဿနာ စတင်ခဲ့တာပါ။

လူအုပ်စု ဝင်လာတာကို မထိန်းနိုင်တဲ့ အတွက် ကိုက် ၇၀ လောက် အကွာမှာ စစ်တပ်နဲ့ ရဲ လုံခြုံရေးက သေနတ် အချက် ၂၀ ပစ်ဖောက်ခဲ့တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

လုံခြုံရေး တာဝန်ယူ ထားကြသူ တွေ အနေနဲ့ အခုလို ပစ်ခတ်နှိမ်နင်းမှုကလွဲပြီး တခြား ဖြေရှင်းနိုင်တဲ့ နည်းလမ်း မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

လွန်ခဲ့တဲ့ လကလည်း မြောက်ဦး မြို့နယ် ပုရိန် ရွာမှာ အလားတူ ပြဿနာမျိုး ပေါ်ပေါက် ခဲ့တဲ့ အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တားဆီး ပစ်ခတ်ရာမှာ မွတ်ဆလင် အမျိုးသမီး သုံးဦး သေဆုံးခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ