အမုန်းစကားတွေ ဘယ်လိုတိုက်ဖျက်မလဲ

  • 29 ဇွန် 2013
Image caption သမ္မတရဲ့ ပြောခွင့်ရ ဦးရဲထွဋ်

မြန်မာတွေ အသုံးပြုနေကြတဲ့ facebook တွေ ပေါ်မှာ မုန်းတီးရေးစကားတွေကို အပြန်အလှန် ပြောဆိုနေကြတာ၊ မုန်းတီးရေးဝါဒဖြန့် campaign တွေလုပ်ကြတာကို တိုက်ဖျက်ဖို့အတွက် အစိုးရက တိုက်ရိုက်ဆောင်ရွက်တာထက် လူထုအခြေပြုတဲ့လှုပ်ရှားမှု တွေကသာ ပိုပြီးထိရောက်နိုင်လိမ့်မယ်လို့ ပြန်ကြားရေးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်ကပြောလိုက်ပါတယ်။

Facebook ပေါ်မှာ ရေးနေကြတဲ့ ဘာသာအချင်းချင်းကြား မုန်းတီးရေး စကားတွေဟာ တကယ်တော့ အထင်အမြင်လွဲမှားမှုကို အခြေခံပြီး ပေါ်ပေါက်လာတာဖြစ်လို့ နားလည်မှု တည်ဆောက်ဖို့က အရေးကြီးတယ်လို့ဦးရဲထွဋ်ကဆိုပါတယ်။

အမေရိကန်အစိုးရရဲ့အစီအစဉ်နဲ့ သောကြာနေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ အမုန်းစကားတွေပပျောက်ရေးနဲ့ ပတ်သက်တဲ့ ဘာသာပေါင်းစုံ ဆွေးနွေးပွဲမှာ သူက ပြောခဲ့တာပါ။

ဒီလိုဆောင်ရွက်ရာမှာ လူထုကိုအခြေပြုပြီး အောက်ခြေက စတင်ဆောင်ရွက်တဲ့ ပုံစံမျိုးကသာပိုပြီးသင့်လျော်တယ်လို့ သူက ဆိုပါတယ်။

Facebook ကုမ္ပဏီလို အဖွဲ့အစည်းမျိုးကလည်း လူမှုအဖွဲ့အစည်းတွေက ဆက်သွယ်တာကို ပိုလက်ခံလေ့ရှိပြီး အစိုးရတွေက သူတို့ကိုဆက်သွယ်လာတဲ့အခါ လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ချုပ် ချယ်ဖို့ ကြိုးစားလာတာလား ဆိုတဲ့ သံသယမျိုးရှိတတ်ကြောင်း ဦးရဲထွဋ်ကပြောပါတယ်။

မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူ ၈ သိန်းလောက်ရှိပြီး အဲဒီထဲကတဝက်လောက်ဟာ အမည်မှန်ကိုမသုံး ဘဲ account အတုတွေကို သုံးနေကြတယ်လို့သူကဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ Prayer for Myanmar အဖွဲ့က ကိုသန့်ဇင်ထွေးကတော့ Facebook အပြင် အမုန်းတရားဖြစ်အောင် တရားဟောနေကြတာ၊ တရားဟော ဗီစီဒီခွေတွေကို တနိုင်ငံလုံး ဖြန့်ဖြူးနေတာ၊ စာရွက်စာတန်းဝေငှတာ စတာတွေနဲ့ ဘာသာဝင်တွေကြားမှာ အမုန်းတရားတွေ ဖြစ်အောင် လှုံဆော်တာကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာတာလို့ ပြောပါတယ်။

ဒီလိုလှုံဆော်မှုတွေမှာ နောက်ကွယ်က ကြိုးကိုင်နေသူတွေရှိပြီး အစိုးရအနေနဲ့ သူတို့ရဲ့ ထောက်လှမ်းရေးနည်းပညာနဲ့ ဖေါ်ထုတ်ဖို့ မခက်ခဲဘူး၊ တကယ်ဘဲ ငြိမ်းချမ်းစေချင်တယ်၊ ဘာသာတွေကြား ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်စေလိုတယ်ဆိုရင် ဒီလို ကြိုးကိုင်နေသူတွေကို အမြန်ဆုံး ဖေါ်ထုတ် အရေးယူသင့်တယ်လို့ ပြောပါတယ်။