စစ်တပ်သိမ်းထားတဲ့ လယ်တွေ ပြန်ပေးတော့မယ်

  • 29 ဇွန် 2013

စစ်တပ်တွေက သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေအနက် လက်ရှိ စီမံကိန်း ဆောင်ရွက် လုပ်ကိုင်နေတဲ့ လယ်မြေတွေက အပ ကျန် လယ်ယာမြေအားလုံးကို ပိုင်ရှင်လက် ပြန်အပ်တော့မယ်လို့ အမျိုးသားလွှတ်တော် လယ်ယာမြေ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မတီဝင် ဦးလှဆွေက ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညွှန်ကြားချက်အရ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးရေး စစ်ထောက်ချုပ်နဲ့ ဒုတိုင်းမှုးတွေ ဆွေးနွေးနေကြတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားခဲ့တာကို အမျိုးသားလွှတ်တော် လယ်ယာမြေ သိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မတီ ဥက္ဉဌ ဦးတင်ထွဋ်က သူတို့ကို ပြန်ပြောပြတယ်လို့ ဦးလှဆွေက ပြောပါတယ်။

ဒီလကုန်မှာ ပြန်ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ဆိုပါတယ်။ တပ်နဲ့ဝေးရာမှာ သက်သာချောင်ချိရေးအတွက် စိုက်ပျိုးနေတဲ့ မြေတွေကိုလည်း ပြန်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လယ်သိမ်းခံ လယ်သမားတွေအနေနဲ့ ထွန်တုံးတိုက်ပွဲဝင်တာမျိုးမလုပ်ဘဲ တပ်က ပြန်ပေးရင် ကိုယ်လယ်မြေ ဖြစ်ကြောင်း ပြနိုင်မယ့် အထောက်အထား စာရွက် စာတမ်းတွေ စုဆောင်းပြင်ဆင်ထားကြဖို့ ဦးလှဆွေက ပြောပါတယ်။

စာရွက်စာတမ်းမရှိသူတွေကို အနီးအနားမှာရှိတဲ့ လူတွေက သူပိုင်ဖြစ်ကြောင်း သက်သေပြနိုင်ရင် မြေယာကော်မတီက စီစစ်ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောပါတယ်။