နိုင်ငံတကာ ရှမ်းညီလာခံ ပထမဆုံး ကျင်းပ

  • 30 ဇွန် 2013
Image caption ပွဲတိုင်းမှာ အများနှစ်သက် အားပေးခံရတဲ့ ရှမ်း ကိန္နရီ ကိန္နရာ မောင်နှံအက

The 1st International Conference on Tai Studies လို့ခေါ်တဲ့ ရှမ်းလူမျိုး အကြောင်းနဲ့ ပတ်သက်တဲ့ ပထမဆုံး နိုင်ငံတကာ ညီလာခံ တခုကို ထိုင်းနိုင်ငံ မြောက်ပိုင်း မယ်ဟောင်ဆောင် မြို့မှာ ပြုလုပ် ကျင်းပနေပါတယ်။

ဒီညီလာခံမှာ ဘာတွေကို အဓိကထား ပြောဆို ဆွေးနွေးကြလဲ ၊ ညီလာခံရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာကို ညီလာခံ ဖြစ်မြောက်ရေး ကော်မတီတွေကို ဘီဘီစီက ဆက်သွယ် မေးမြန်း ကြည့်တော့ ရှမ်းလူမျိုးတွေ နေထိုင်တဲ့ နယ်မြေမှာ ပထမ ဦးဆုံး ပြုလုပ်တဲ့ နိုင်ငံတကာ ညီလာခံ တခုလို့ ရှမ်းသမိုင်း ပညာရှင် တယောက်က ပြောပါတယ်။

ဒီညီလာခံမှာ ဂျပန်၊ အမေရိကန် ၊ မြန်မာ၊ ထိုင်းနဲ့ အိန္ဒိယ နိုင်ငံက ပါရဂူ ပညာရှင်တွေ တက်ရောက် ဆွေးနွေးခဲ့ ကြတယ်လို့ ဆိုပါတယ်။

ညီလာခံမှာ ဆွေးနွေးတဲ့ အကြောင်းအရာတွေ ကတော့ မြန်မာ၊ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနဲ့ အိန္ဒိယနိုင်ငံ အာသံ ဒေသက သျှမ်းလူမျိုးတို့ရဲ့ သမိုင်းကြောင်း အစဉ်အလာ၊ အုပ်ချုပ်ရေးနဲ့ ကိုးကွယ် ယုံကြည်မှု ထုံးတမ်း စဉ်လာ စတာတွေဖြစ်ပြီး အဓိက ကတော့ ရှမ်းတို့ရဲ့ ပေစာ၊ ပရပိုဋ်စာ၊ အိန္ဒိယက အာသံရှမ်းတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု ဓလေ့တွေ ပျောက်ကွယ်တော့မယ့် အကြောင်းနဲ့ မြန်မာနိုင်ငံက ရွေ့ပြောင်း သွားလာနေကြတဲ့ ရှမ်းလူမျိုးတို့ အခြေအနေတွေကို မီးမောင်းထိုး ဆွေးနွေးကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရှမ်းလူမျိုးတို့ရဲ့ စာပေ၊ ယဉ်ကျေးမှု တွေကိုလဲ အဘက်ဘက် ကနေ ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် မြင့်တင် ဖော်ဆောင်သွားဖို့ လိုတဲ့အကြောင်း ဒီညီလာခံကို မြန်မာနိုင်ငံကနေ လာရောက် ဆွေးနွေးတဲ့ ရှမ်းသမိုင်း ပညာရှင် ဒေါက်တာ စိုင်းအောင်ထွန်းက ပြောပြပါတယ်။

ဒီညီလာခံကို ဇွန်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့ ၂ ရက်ကြာ ကျင်းပတာဖြစ်ပြီး တက်ရောက် သူပေါင်း ၄၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။

ဒီညီလာခံ ကျင်းပရတဲ့ ရည်ရွယ်ချက်နဲ့ပက်သက်ပြီး ညီလာခံကို ဦးစီး ကျင်းပသူ တစ်ယောက်ဖြစ်တဲ့ ဒေါက်တာ ဂျလွန်း ခမ်းနွန်းတ က ဘီဘီစီကို ရှမ်းဘာသာနဲ့ ပြောပြရာမှာ အဓိက ရည်ရွယ်ချက်တွေ ကတော့ သျှမ်းလူမျိုး တွေရဲ့ ကိုယ်ပိုင် အင်္ဂါ လက္ခဏာ ဖြစ်တဲ့ ယဉ်ကျေးမှုတွေ နှီးနှော ဖလှယ်ဖို့ ၊ ရိုးရာတွေ မပျောက်ကွယ်အောင် မြှင့်တင်ဖို့၊ မျိုးရိုး ဇာတိ သမိုင်းကြောင်းကို မျိုးဆက်သစ် လူငယ်တွေ သိနားလည်ပြီး ကျင့်သုံးသွားဖို့ နဲ့ မကြာခင်မှာလဲ အာစီယံ အဖွဲ့၀င်နိုင်ငံတွေရဲ့ ဆက်ဆံမှု တွေဟာ ပိုမို ရင်းနှီးနွေးထွေး လာတော့မှာ ဖြစ်တယ် ၊ အဲဒီအချိန်မှာ ရှမ်းလူမျိုးတို့ရဲ့ ဖြစ်တည်မှု၊ ရိုးရာ ယဉ်ကျေးမှုတွေ ကိုပါ မြင့်တင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါကြောင့် အခုညီလာခံ ကနေပြီးတော့ ထိုင်းနိုင်ငံက ရှမ်း မျိုးဆက်သစ်တွေ အနေနဲ့ ကိုယ့်ရိုးရာ ဓလေ့ ထုံးတမ်း စဉ်လာ တွေကို အနည်းဆုံး သိမြင် သွားကြမှာ ဖြစ်သလို နိုင်ငံတကာက ရှမ်းတွေ အနေနဲ့လဲ ကိုယ့်လူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက် သွားကြမယ်လို့ မျှော်လင့် မိတယ်လို့ သူကပြောပါတယ်။

ဒီလို ညီလာခံမျိုးကို ပြည်တွင်းမှာလဲ အခြေအနေ ပေးရင် လုပ်ချင်တဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ဒေါက်တာ ဂျလွန်း ခမ်းနွန်းတ က ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ