ငြိမ်းချမ်းရေး ကိစ္စ မကျေလည်မှု ရှိတယ်လို့ဆို

  • 29 ဇွန် 2013
shwe_mann
Image caption သူရ ဦးရွှေမန်းက ကာ/လုံ အစည်းအဝေး ခေါ်ဖို့ တိုက်တွန်းထား

မြန်မာ အစိုးရ၊ တပ်မတော် နဲ့ လွှတ်တော် အကြားမှာ တိုင်းရင်းသားအဖွဲ့ တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကိစ္စတွေနဲ့ ပတ်သက်လို့ မကျေလည် မှုတွေ ရှိနေနိုင် တယ်လို့ တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြောပါတယ်။

လွှတ်တော် ဥက္ကဌ က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တချို့မှာ မလိုလားအပ်တဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်တဲ့ အတွက် အစိုးရရယ် စစ်တပ်ခေါင်းဆောင် တွေရယ် လွှတ်တော် ဥက္ကဌ တွေရယ် ပါဝင်ဖွဲ့စည်း ထားတဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ဖို့ တိုက်တွန်း ထားတယ်လို့ မနေ့က လွှတ်တော်မှာ ပြောကြား ခဲ့ပါတယ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖဒ်ဒရယ် ကောင်စီက တွဲဖက် အတွင်းရေးမှူး ၂ ဦးခွန်ဥက္ကာကို ဆက်သွယ် မေးကြည့်တော့ အစိုးရက တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး အတွက် ဆွေးနွေး ဆောင်ရွက် တဲ့အခါမှာ တခြား လွှတ်တော်နဲ့ တပ်မတော်တို့ ဘက်က အမြတ်မှ ထွက်ရဲ့လား ဆိုတဲ့ သံသယ မျိုးရှိလို့ ပြန်လည် ဝေဖန် သုံးသပ်ဖို့ အတွက် ကာ/လုံ အစည်းအဝေး ခေါ်တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ဘေးထွက် ဆိုးကျိုး ဆိုတာ မျိုးကတော့ အရင်က မထင်ရှားတဲ့ သူပုန် အဖွဲ့က အပစ်ရပ် ပြီးနောက်မှာ ပြည်နယ် တခုလုံးကို လွှမ်းမိုး လာနိုင်တာ၊ အုပ်ချုပ် ရေးပိုင်းတွေမှာ ပါလာတမျိုး ဖြစ်နိုင်ကြောင်း၊ အစက ရန်သူတွေ၊ မတရား အသင်း ဖြစ်ခဲ့သူတွေက မြို့ထဲ ရွာထဲ တခမ်းတနားနဲ့ ဝင်ရောက်ပြီး လူထုနဲ့ ထိတွေ့ ဆက်ဆံ လာတာမျိုးနဲ့ ဒေသခံ တွေရဲ့ ထောက်ခံမှု ပိုရလာနိုင်တာမျိုး ဖြစ်နိုင်ကြောင်း ပြောပါတယ်။

အစိုးရက သွားနေတဲ့ စေ့စပ် ဆွေးနွေးပွဲရဲ့ အခင်းအကျင်း မှာ စနစ် တကျ လုပ်နေပေမယ့် ဦးစားပေး အလိုလိုက် တာတွေ များလာ နေတယ်လို့ သုံးသပ်တာလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။

အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ အစည်းအဝေး နောက်ပိုင်းမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွေ ဘယ်လို့ ပုံစံမျိုး ဖြစ်လာမယ်လို့ မခန့်မှန်း နိုင်ကြောင်းပြောပါတယ်။ အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေး ကောင်စီထဲမှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပါဝင် နေတဲ့ အတွက် လက်ရှိ အချိန်မှာ တပြေးညီ မဖြစ်ဘဲ ကျေကျေနပ်နပ် မရှိကြတဲ့ အခြေအနေမျိုး ရှိနေနိုင်ကြောင်း သုံးသပ် ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ