သံတွဲမှာ ညမထွက်ရ အမိန့်ထုတ်

  • 30 ဇွန် 2013
Image caption ရခိုင်ပြည်နယ် သံတွဲမှာ အခြေအနေ တင်းမာနေ

ရခိုင်ပြည်နယ် သံတွဲမြို့မှာ မနေ့က ဗုဒ္ဓ ဘာသာ၀င်တွေနဲ့ မွတ်ဆလင်တွေ အကြားမှာ မီးရှို့ တိုက်ခိုက်မူတွေ ဖြစ်ပွားတဲ့ အတွက် အခုအခါ ညမထွက်ရ အမိန့် ထုတ်ထားကြောင်း ဒေသခံ တယောက်က ပြောပါတယ်။

သံတွဲမြို့မှာ အမျိုးသမီး တစ်ဦးကို မွတ်ဆလင် အမျိုးသား နှစ်ဦးက မတော်မတရား လုပ်တယ်ဆိုတဲ့ အတည်ပြုလို့ မရတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့ အတွက် မနေ့ ညနေပိုင်းမှာ အပြန်အလှန်တွေ တိုက်ခိုက်မူတွေ ရှိခဲ့ပြီး မြို့သစ် ရပ်ကွက်မှာ အိမ် (၂) လုံး မီးရှို့ ခံခဲ့ရပါတယ်။

အခု မတော်တရား ပြုကျင့်ခံရတယ်လို့ ဆိုတဲ့ မိန်းခလေးဟာ တောင်ကုတ်မြို့က ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့က ကားဂိတ်မှာ အိမ်ပြန်ဖို့ စောင့်နေစဉ်မှာ ဆိုင်ကယ် တက္ကစီမောင်းတဲ့ မွတ်ဆလင် တစ်ဦးက ခေါ်ယူသွားကာ နောက်ထပ် သူအဖေါ် တစ်ဦးနဲ့ အတူ သူမကို စော်ကားခဲ့တယ်လို့ ရဲခခန်းမှာ တိုင်ကြား ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ ဒီသတင်း ပျံ့နှံ့သွားရာကနေ အပြန်အလှန် တိုက်ခိုက်မူတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

အခုတော့ သံတွဲမြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်တယ်လို့ တစ်ခြား ဒေသခံ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် လုံခြုံရေး တင်းကျပ်လိုက်ပြီး မြို့၀င် ထွက်လမ်းတွေကို ပိတ်ထားလိုက်တယ်လို့ သိရပါတယ် ။

ပုဒ်မ ၁၄၄ ထုတ်ပြန်တယ်လို့ ဒေသခံတွေက ပြောပေမယ့် ရခိုင်ပြည်နယ် အစိုးရ ပြောရေးဆိုခွင့် ရှိသူ ဦးဝင်းမြိုင်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ ပုဒ်မ ၁၄၄ ထုတ်ပြန်ထား မရှိဘူးလို့ သူက ဆိုပါတယ်။