ပြည်ပမှ မြန်မာဆရာဝန်တွေ ပြည်တွင်းကုသခွင့်

  • 2 ဇူလိုင် 2013
health_day_
Image caption မြန်မာပြည်သူ ၃၃၀၀ မှာ ဆရာဝန် တဦးသာ ရှိ

ကုလသမဂ္ဂ လူဦးရေ ရံပုံငွေ အဖွဲ့ရဲ့ စါရင်း အရ မြန်မာနိုင်ငံသား ၃၃ဝဝ ကျော်မှာ ဆရာဝန် တဦး သာ ရှိတဲ့ အတွက်၊ မြန်မာနိုင်ငံဆေး ကောင်စီ က ပထမ ဆုံး အကြိမ် အဖြစ် ပြည်ပမှ MBBS နဲ့ အလားတူ ဆေးပညာဘွဲ့ ရရှိထားတဲ့ မြန်မာ နိုင်ငံသား ဆရာဝန် တွေ ကို ဆေးကုသခွင့် လိုင်စင် ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

ဒီလို ထုတ်ပေးရာမှာ မြန်မာနိုင်ငံ တွင်း အရည်အချင်းစစ် စာမေးပွဲ ဖြေရမှာ ဖြစ်ပြီး စာမေးပွဲ ဝင်ကြေး ကျပ်ငွေ ၂ သိန်း ပေးသွင်း ရမှာပါ။ အဆိုပါ ပြည်ပ မှ မြန်မာဆရာဝန်တွေ ဟာ ပြည်တွင်းက ဆရာဝန်တွေ လို လက်တွေ့ ကွင်းဆင်းစရာ မလိုပဲ ဆေးကုသခွင့် ရမှာပါ။

အခုလို ခွင့်ပြုခြင်းဟာ ပြည်ပ က ဆရာဝန်တွေ ကို ပြန်လာ စေချင်တဲ့ သဘော လို့ မြင်ကြောင်း၊ ပြည်ပ က မြန်မာ ဆရာဝန်တွေ ကိုယ်တိုင် ကလည်း ပြည်တွင်းမှာ လာရောက် ကုသလိုစိတ်၊ ပြည်သူ ကို အကျိုးပြုလိုစိတ်၊ ပညာ ပေးဆပ် လိုစိတ် စသဖြင့် ကောင်းတဲ့ အမြင် အရ လက်ခံ နိုင်ဘွယ်ရှိတဲ့ အကြောင်း၊ နေရာ ပေးမှုမှာ သာ ပဋိပက္ခ မဖြစ်စေဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့ လိုပုံတွေ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေး ကော်မတီဝင် ဒေါက်တာ ကျော်စွာဦး က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် စါရင်းအရ ဆေးကောင်စီမှ ဆမ လို့ ခေါ်တဲ့ ဆေးကုသခွင့် လိုင်စင်ရ ဆရာဝန်ပေါင်း ၃ သောင်းကျော် ခန့်ရှိမယ် လို့ ခန့်မှန်းရပါတယ်။ တနှစ်ကို ဆမ ၂ဝဝဝ ထုတ်ပေးနေတာပါ။ အစိုးရ အနေနဲ့ ကျန်းမာရေး စရိတ် ကို အရင်အစိုးရတွေ လက်ထက် ကထက် လေးဆ ပိုမို သုံးစွဲဖို့ရှိကြောင်း သိရပါတယ်။