ဦးသိန်းစိန်ရဲ့ ဗြိတိန် ပြင်သစ် ခရီးစဉ်

  • 2 ဇူလိုင် 2013
Burmese President U Thein Sein and EU chief
Image caption မြန်မာ နိုင်ငံနဲ့ ဥရောပ နိုင်ငံ တွေကြား ဆက်ဆံရေး တိုးမြှင့် ဖို့လိုလား

မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဗြိတိန် နဲ့ ပြင်သစ် နိုင်ငံတွေကို ဇူလိုင်လ လယ်မှာ လာရောက်ဖို့ ရှိပါတယ်။

ဒါဟာ နှစ်ပေါင်း ၂ဝ ကျော် အတွင်း မြန်မာ အကြီးအကဲ တဦးရဲ့ ပထမဆုံး ဗြိတိန် ခရီးစဉ် ဖြစ်ပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင် တွေရဲ့ ဖိတ်ကြားချက် အရ ဇူလိုင်လ ၁၄ ရက်က နေ ၁၈ ရက်အထိ ပြုလုပ်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ တရားဝင် ခရီးစဉ် မှာ ဗြိတိန် နိုင်ငံကို အရင် လာရောက် ပြီးမှ ပြင်သစ်ကို ခရီးဆက်မှာ ဖြစ် ပါ တယ်။

သမိုင်း အစဉ် အလာ အရ ဗြိတိန်နဲ့ မြန်မာဟာ ပညာရေး၊ ကျန်းမာရေးနဲ့ ကဏ္ဍ ပေါင်းစုံမှာ ဆက်နွယ်မှုတွေ များခဲ့ပေမယ့် ၁၉၈၈ နောက်ပိုင်းမှာ အလှမ်းဝေး ခဲ့ပြီး နောက် အခုတော့ ဗြိတိန် အပါအဝင် ဥရောပ နိုင်ငံ တွေနဲ့ ပူးပေါင်း ဆောင်ရွက် မှု မြှင့်တင် လိုတယ်လို့ သမ္မတ ပြောခွင့်ရ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီကို ပြောပါတယ်။

သမ္မတက ဗြိတိသျှ ဝန်ကြီးချုပ် အပြင် တခြား ထိပ်တန်း အရာရှိ တွေနဲ့ တွေ့ဆုံတဲ့ အခါ ပညာရေး ကဏ္ဍ၊ စီးပွားရေး ရင်းနှီး မြှုပ်နှံမှုနဲ့ လူသားချင်း စာနာမှု အကူအညီ တိုးမြှင့် ပေးရေး ကိစ္စရပ်တို့ကို ဆွေးနွေးဖို့ ရှိတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ